News

POST TAGGED AS

ရေဘေးရှောင်

06-Sep-2018

ဘားအံ
ဘားအံတွင် ရေပြန်ကြီး
ဘားအံ၊ စက်တင်ဘာ ၅

စိုးရိမ်ရေမှတ်အထက်တွင် ရပ်တန့်နေသော သံလွင်မြစ်ရေသည် စက်တင်ဘာလ ၅ ရက်နေ့တွင် ဆက်လက်မြင့်တက်လာခြင်းကြောင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရေကြီးကြောင်း ဘားအံမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

သို့သော် ယင်းမြို့နေသူများ ပြောင်းရွှေ့ရခြင်းများ ပြုလုပ်ရသည်အထိ ရေကြီးခြင်းမျိုးမဟုတ်ဘဲ ရေဘေးရှောင်စခန်းများတွင် လူဦးရေတိုးပွားခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

သံလွင်မြစ်ရေသည် ဩဂုတ်လ ဒုတိယပတ်အတွင်းက ဒုတိယအကြိမ်ရေကြီးရေလျှံပြီးနောက်ပိုင်း ရေပြန်ကျခဲ့သည်ဟုဆိုသော်လည်း ယင်းမြစ်၏ စိုးရိမ်ရေအမှတ်အထက် ၃ ပေဝန်းကျင်ခန့်တွင် ဆက်လက်ရပ်တည်နေရာမှ စက်တင်ဘာလ ၅ ရက်နေ့သို့ရောက်ရှိချိန်တွင် တစ်ပေခန့် ဆက်လက်တိုးလာကြောင်း ယင်းဌာနထံမှ သိရသည်။

“ရေက မနက်ပိုင်းကျရင် ညနေပိုင်း ပြန်တက်တယ်။ ညနေပိုင်းကျရင် နောက်နေ့မနက်ပြန်တက်ဖြစ်နေတာ။ ပြီးခဲ့တဲ့ ၂ ရက်က ရေနည်းနည်းပြန်ကျသွားတယ်။ မနေ့ညလယ်ပိုင်းက နေပြန်တက်တာ ၁ ပေ လောက်ရှိမယ်။ ဂျပန်မုန်တိုင်း အဖျားခတ်မယ်လို့လည်းကြားတယ်။ အဲဒါကြောင့် မိုးပြန်ရွာမယ်ဆိုရင်တော့ ရေထပ်တက်ဖို့ပဲရှိတယ်” ဟု ဘားအံမြို့ အမှတ် (၂) ရပ်ကွက်နေ ဦးစိုးလင်းက ပြောဆိုသည်။

သံလွင်မြစ်၏ စိုးရိမ်ရေမှတ်သည် ၇၅၀ စင်တီမီတာဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက သံလွင်မြစ်ရေသည် ၈၄၅ စင်တီမီတာဖြင့် ငြိမ်သက်နေရာမှ ယခုအခါ ၈၈၉ စင်တီမီတာသို့ မြင့်တက်လာကြောင်း ဘားအံမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ဘားအံမြို့နယ်အတွင်း ရေကြီးနေသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး မပိတ်ရသေးသည့် ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခုရှိကာ အိမ်ထောင်စု ၁၄၈ စုမှ လူဦးရေ ၈၀၀၀ ကျော်ခိုလှုံနေကြကြောင်း ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

R-17



FOLLOW US