News

POST TAGGED AS

ရေဘေးရှောင်

နမ္မတူမြို့နယ် အီနိုင်းကျေးရွာ ရေဘေးရှောင်သူ အရေအတွက် ထပ်တိုး


လားရှိုး၊ ဩဂုတ် ၁ 

နမ့်ယော်ချောင်းရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာတွင် ရေဘေးရှောင်သူ အရေအတွက်ထပ်တိုးလာရာ ဩဂုတ်လ ၁ ရက်နေ့အထိ ရေဘေးရှောင်သူ ၃၁၀ ဦး ရှိပြီး ရေလွတ်ရာတွင် ခိုလှုံနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

မိုးရွာသွန်းမှုကြောင့် ဇူလိုင်လ ၃၀ ရက်နေ့ညပိုင်းမှစ၍ ချောင်းရေမြင့်တက်လာပြီး ကျေးရွာအတွင်း ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရာ ဩဂုတ်လ ၁ ရက်နေ့အထိရေ ကျဆင်းခြင်းမရှိသေးသည့်အတွက် အိမ်ထောင်စုပေါင်း ၆၇ စုမှ ဒေသခံ ၃၁၀ဦးမှာ ရေလွတ်ရာ ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေရခြင်းဖြစ်ကြောင်း အဆိုပါရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရေကထပ်တိုးလာတာ။ မနေ့ညက ထပ်တက်လာတယ်။ မနေ့က ခြေမျက်စိသာမြုပ်တဲ့နေရာမှာ ပေါင်လယ်လောက်မြုပ်နေပြီ ညနေပိုင်းမှာတော့ ရေကျသွားမယ်လို့ ထင်တာပါပဲ”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိကျေးရွာဒေသခံများသည် အီနိုင်းဘုန်းတော်ကြီးကျောင်းနှင့် မြတ်အောင်စည်ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေပြီး လူမှုကူညီရေးအသင်းများ၊ အဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ထောက်ပံ့ကူညီဆောင်ရွက်ပေးနေကြောင်း၊ ဩဂုတ် လ ၃၁ ရက်နေ့အထိ ရေပြန်မကျသေးသည့်အတွက် နေအိမ်များသို့ မပြန်နိုင်သေးကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ထို့ပြင် လားရှိုး-နမ္မတူသွား လမ်းပေါ်တွင် ရေလွှမ်းနေဆဲဖြစ်သည့်အတွက် လားရှိုး-နမ္မတူသွားလာနေသည့် မော်တော်ယာဉ်များ ဖြတ်သန်း၍ မရသေးပေ။

“အရင်နှစ်တွေကလည်း တို့ရွာထဲ ရေဝင်တာနည်းနည်းရှိတယ်။ ရွာက အနိမ့်ပိုင်းမှာ ရှိနေတာကိုး။ နမ့်ယော် (အေတီ) ချောင်းက တောင်ကျမိုးရေတွေ များလာတယ်လေ။ ဒီနှစ်ကတော့ ပြီးခဲ့တဲ့နှစ်တွေ ထက်ပိုများလာတယ်။ မနေ့ည ၁ နာရီလောက်မှာ ရေကအင်အားနဲ့ ထပ်တက်လာတယ်။ အိမ်ကလူတွေနဲ့ မွေးထားတဲ့ဝက်တွေတော့ ရေလွတ်တဲ့နေရာ သွားနေကြတယ်”ဟု အီနိုင်းကျေးရွာဒေသခံ ဦးအိုက်စိမ်းက ပြောဆိုသည်။

လတ်တလောတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝ​ဘေးအန္တရာယ်​ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးနှင့် ဆန်အပါအဝင် စားနပ်ရိက္ခာများကို ထောက်ပံ့ကူညီပေးလျက်ရှိပြီး လူမှုကူညီရေးပရဟိတအသင်းများကလည်း ထမင်းထုပ်များဝေငှပေးလျက်ရှိသည်။ 

R-07




FOLLOW US