News

POST TAGGED AS

ရောဂါ

02-Sep-2016

ပြည် ရောဂါ
ပြည်တွင် မုန့်ဟင်းခါးဖို ၈ ဖိုကို လုပ်ငန်းယာယီရပ်နားရန် ညွှန်ကြား
တောင်ငူ၊ စက်တင်ဘာ၂

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေသည့် ပိုးတစ်မျိုး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မုန့်ဟင်းခါးဖို ၈ ဖိုခန့်ကို လုပ်ငန်း ယာယီရပ်နားထားရန် အုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ခဲ့ကြောင်း ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

“စာထုတ်တာက ၃၁ ရက်နေ့ကပါ။ ဝမ်းပျက်ဝမ်းလျောရောဂါ ထပ်တွေ့တယ်လို့ ပြောပြီး ပိတ်ခိုင်းထားပေမယ့် ပိတ်တဲ့စက်က ပိတ်ရပြီး ဖွင့်တဲ့စက်က ဖွင့်နေတာကျတော့ ဥပဒေက ညီညီမျှမျှ မရှိသလို ဖြစ်နေတယ်။ ပိတ်ခိုင်းတဲ့ အကြောင်းပြချက်ကို လက်ခံပေမယ့် ပြန်ဖွင့်ရမယ့်ရက်ကို တိတိကျကျ မပြောတော့ ကျွန်မနောက်မှာ ရပ်တည်နေရတဲ့ လက်လုပ်လက်စား မိသားစုဝင် အလုပ်သမားတွေအတွက် အတော်လေး ဒုက္ခရောက်စေပါတယ်” ဟု ပြည်မြို့ ကိုးသောင်းရပ်ကွက်မှ ဇာမဏီ ခေါက်ဆွဲစက် လုပ်ငန်းရှင် ဒေါ်စန်းနွဲ့က ပြောကြားသည်။

ပြည်မြို့ပေါ် ရပ်ကွက်များရှိ မုန့်ဟင်းခါးဖိုများနှင့် ခေါက်ဆွဲစက်များတွင် ကူးစက်မြန် ဝမ်းပျက်ဝမ်းလျော ရောဂါပိုးတစ်မျိုး ထပ်မံတွေ့ရှိရသဖြင့် ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနက ပိတ်သိမ်းထားရန် အကြံပြု တိုက်တွန်းချက်များအရ မုန့်ဟင်းခါးဖို ၅ ခုနှင့် ခေါက်ဆွဲစက် ၃ ခုကို သြဂုတ် ၃၁ ရက် ရက်စွဲဖြင့် ယာယီပိတ်သိမ်းရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

“ပြည်မှာက မုန့်ဟင်းခါးဖိုတွေ မုန့်ခြောက်စက်တွေကို စက်မှုဇုန်မှာ အကုန်မထားတာ နည်းနည်းပြောစရာ ရှိတယ်။ ရောဂါပိုးတွေ့တဲ့ လုပ်ငန်း ၈ ခုမှာလည်း ရပ်ကွက်ထဲ လည်ပတ်နေတဲ့ လုပ်ငန်းတွေ တွေ့နေရတယ်” ဟု ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

လွန်ခဲ့သည့် တစ်လကျော်ကလည်း ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုကြောင်း ကလေးငယ်များ အပါအဝင် လူဦးရေ ၁၆၀ ကျော်ခန့် ခရိုင်ဆေးရုံကြီးတွင် ပို့ဆောင်ကုသပေးခဲ့ရသည့်အပြင် သြဂုတ်လ ၁ ရက်နေ့မှ စတင်ပြီး ဧရာဝတီမြစ်ရေ မြင့်တက်ကာ ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဝမ်းနူးစာ ရောင်းချသည့် လုပ်ငန်းများကို ယာယီပိတ်ထားခဲ့ရကြောင်း ပြည်မြို့ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့တွင် မုန့်ဟင်းခါး အစိုအခြောက်လုပ်ငန်း လုပ်ကိုင်နေသည့် အသေးစားစက်ရုံ ၂၀ နီးပါး ရှိသည်။

ဝမ်းပျက်ဝမ်းလျော ရောဂါကြောင့် သြဂုတ်လ နောက်ဆုံးပတ်ခန့်က ဆေးရုံတက်ရောက်ကုသခဲ့သူ၏ ဝမ်းကို ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးရာမှ ကူးစက်မြန်ရောဂါပိုး တစ်မျိုးကို တွေ့ရှိခဲ့ရသဖြင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ လုပ်ငန်းယာယီရပ်နားရန် စာထုတ်ပြန်တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လိုက်နာမှု မရှိသော လုပ်ငန်းရှင်များကို စည်ပင်သာယာရေး ဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်ခရိုင် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး သူရဦးမြင့်သူက ပြောကြားသည်။



FOLLOW US