News

POST TAGGED AS

ရေသတင်းအချက်အလက်

ရန်ကုန်တွင် ရေသတင်းအချက်အလက်စင်တာ တည်ဆောက်မည်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံ မြစ်ချောင်းများရှိ ရေအရင်းအမြစ်များ၊ သတင်းအချက်အလက်များကို မျှဝေပေးနိုင်ရန် ရန်ကုန်မြို့ရှိ နိုင်ငံတော်သမ္မတရုံးပိုင် မြေနေရာတွင် ရေသတင်းအချက်အလက်စင်တာကို တည်ဆောက်မည်ဟု အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းက ပြောကြားသည်။

ရေအရင်းအမြစ်နှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို ၂၀၁၄ ခုနှစ်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်ပေးသော အခန်းတစ်ခုတွင် စတင်လုပ်ကိုင်ခဲ့ရသော်လည်း ယခုအခါ ရန်ကုန်တိုင်းအစိုးရက ရှာဖွေပေးသော နိုင်ငံတော်သမ္မတရုံးပိုင်နေရာတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် စတင်ဆောက်လုပ်ရန် ဗိသုကာဒီဇိုင်းနှင့်ပတ်သက်ပြီး တင်ဒါခေါ်ယူခဲ့ကြောင်း ၎င်းက ပြောကြားသည်။

မရမ်းကုန်းမြို့နယ် ရှစ်မိုင်ရှိ ပြည်ထောင်စုကျောင်းလမ်းတွင် အမေရိကန် ဒေါ်လာ ၁၀ သန်း အကုန်အကျခံတည်ဆောက်မည့် ရေသတင်းအချက်အလက်စင်တာတွင် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ လုပ်ဆောင်ချက်များကို အကြံပေးခြင်းနှင့် သင်တန်းများဖွင့်လှစ်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာဖိုရမ်များ ကျင်းပသွားမည့်အပြင် ဧရာဝတီမြစ်ဝှမ်းအတွင်းရှိ စီမံကိန်းများကို ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းပြီး အကောင်အထည်ဖော်မည်ဟု ဒေါက်တာခင်နီနီသိန်းက ထပ်လောင်းပြောကြားသည်။

ရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ရေစီမံခန့်ခွဲရေးအတွက် အရေးကြီးသည့် ဥပဒေကို ၂၀၁၈ မကုန်မီ ပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် အကြံပေးအဖွဲက ကူညီပံ့ပိုးပေးနေကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဝင်များကို ထပ်လောင်းပြောကြားသည်။

ရေနှင့်ပတ်သက်သည့် မြေပြင် ကွင်းဆင်းကောက်ယူသည့် အချက်အလက်များကို အသုံးပြုကြောင်းနှင့် ရေနှင့်ပတ်သက်သည့် သုတေသနကိစ္စရပ်များကို တက္ကသိုလ်များတွင် သုတေသနပြုမှု ပိုများလာသည်ဟု စိမ်းရောင်စိုအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပညာရှင် ဦးမောင်မောင်ဦးက ပြောကြားသည်။

“ရေအရင်းအမြစ် ထိန်းသိမ်းတာက အနော်ရထာလက်ထက်က ရှိတယ်၊ ပန်းလောင်တို့၊ ဇော်ဂျီတို့မှ ဆည်တွေလုပ်တာက အခုထိသုံးနေရတုန်းပဲ။ ရေအရင်းအမြစ်တွေ ကြာရှည်ဖို့က သစ်တောကလည်း အရေးပါတယ်”ဟု ရှေးဟောင်း သုတေသနပညာရှင် ဦးအောင်ကြိုင်က ဆိုသည်။ 

J-20



FOLLOW US