News

POST TAGGED AS

ရေလုပ်သား

ဧရာဝတီတိုင်းအစိုးရ လအလိုက် ပွဲတော်ဘတ်ဂျက်သုံးစွဲပုံ လွှတ်တော်၌မေးမြန်း
ပုသိမ်၊ ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းအစိုးရက တစ်နှစ်အတွင်း လအလိုက်ကျင်းပမည့် ပွဲတော်များ၊ ပြိုင်ပွဲများနှင့် အခမ်းအနားများကျင်းပရန် ဘတ်ဂျက်များ ခွဲဝေချထားပေးသော်လည်း ပွင့်လင်းမြင်သာစွာ သုံးစွဲခြင်း မရှိကြောင်း ညောင်တုန်း အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။

တိုင်းအစိုးရက လအလိုက်ကျင်းပမည့် ပွဲတော်များ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် အခမ်းအနားများ၊ သာသနာရေးဆိုင်ရာ အခမ်းအနားများနှင့် စာမေးပွဲများ၊ ပညာရည်ချွန် ဆုချီးမြှင့်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ဘတ်ဂျက်ချထားပေးကြောင်း၊ သို့သော် သက်ဆိုင်ရာ မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများအနေနှင့် လအလိုက်ရရှိသော ဘတ်ဂျက်နှင့်သုံးစွဲသည့် အခြေအနေများကို မသိရသဖြင့် တိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ကြောင်း ၎င်းက ဆိုသည်။ 

၂၀၁၆-၂၀၁၇ခုနှစ်တွင် လအလိုက် သတ်မှတ်ဘတ်ဂျက်ငွေများ ခွဲဝေချထားပေးခြင်း မရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ကာ ထောက်ပံ့ကြေးများကို ခွင့်ပြုထားကြောင်း၊ ညောင်တုန်းမြို့နယ်အနေနှင့် လအလိုက် ပွဲတော်၊ ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာကော်မတီများဖွဲ့ကာ စနစ်တကျသုံးစွဲထားကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက လွှတ်တော်၌ ဖြေကြားသည်။ 

မြို့နယ်အသီးသီးသို့ သတ်မှတ်ခွင့်ပြုပေးထားသော ထောက်ပံ့ငွေများ ပိုလျှံပါက တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံ ပြန်လည်အပ်နှံနေကြောင်း၊ ပြန်အပ်ငွေများကို ခေါင်းစဉ် ပြောင်းလဲသုံးစွဲခြင်း (သို့မဟုတ်) တိုင်းအစိုးရ ဘတ်ဂျက်သို့ ပြန်လည်အပ်နှံနေကြောင်း ၎င်းထံမှ သိရသည်။ 

ယခု ဘဏ္ဍာနှစ်မှစတင်ကာ ဧရာဝတီတိုင်းအစိုးရက လအလိုက်ပွဲတော်၊ ပြပွဲ ပြိုင်ပွဲ၊ အခမ်းအနားများ၊ သာသနာရေးဆိုင်ရာ အခမ်းအနားများနှင့် စာမေးပွဲများ၊ ပညာရည်ချွန်ဆုပေးပွဲ၊ အသိပညာပေး ဟောပြောပွဲများ ကျင်းပနိုင်ရန်အတွက် ဘတ်ဂျက်များ ခွဲဝေချထားပေးခဲ့ပြီး တစ်မြို့နယ်လျှင် တစ်လ ကျပ်သိန်း ၁၉၀ ကျော်ရှိကြောင်း၊ ရရှိလာသော ခွင့်ပြုဘတ်ဂျက်ငွေကိစ္စကို ပွင့်လင်းမြင်သာစွာ ဖော်ပြသုံးစွဲမှုမရှိခြင်းကြောင့် ဝန်ထမ်းများ၊ ပြည်သူများ၊ လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများက အလှူငွေများ ထည့်ဝင်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

R-11



FOLLOW US