News

POST TAGGED AS

ရေယာဉ်

ငါးဖမ်းရေယာဉ်များ ရာသီဥတုခိုလှုံခွင့်ပြုသည့်နေရာများ ထုတ်ပြန်
ရန်ကုန်၊ မတ် ၂၁

မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ပြည်တွင်းပြည်ပ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များကို မုတ်သုံရာသီဥတု ဆိုးရွားချိန်များတွင် လှိုင်းဒဏ် လေဒဏ် ခိုလှုံခွင့်ပြုသည့် နေရာများကို မတ်လ ၂၁ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထုတ်ပြန်လိုက်သည်။ 

ခိုလှုံခွင့်ပြုသည့်နေရာများမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဖရုံဂါကျွန်း၊ စစ်တွေမြို့နယ်ရှိ မင်းဂံချောင်း၊ ကျောက်ဖြူမြို့နယ်ရှိ ငလပွေ့ချောင်း၊ သံတွဲမြို့နယ်ရှိ ဆင်ခေါင်းဆိပ်ကမ်း၊ သံတွဲမြို့နယ်ရှိ သဗြုချိုင်၊ တောင်ကုတ်မြို့နယ်ရှိ သင်္ဘောဆိပ်၊ ဂွမြို့နယ်ရှိ တင်းတောကျေးရွာအုပ်စု၊ ငပုတောမြို့နယ်ရှိ ဟိုင်းကြီးကျွန်း၊ ဘိုကလေးမြို့နယ်ရှိ ကဒုံကနိကျေးရွာ၊ မွန်ပြည်နယ် ရေးမြို့နယ်ရှိ ဝါးကျွန်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ လောင်းလုံးမြို့နယ်၊ မြိတ်မြို့နယ်ရှိ တနင်္သာရီကျွန်းနှင့် ကျွန်းစုမြို့နယ်တို့ရှိ ပြင်စဘုတ်ကျွန်းတို့ ဖြစ်သည်။ 

အဆိုပါနေရာများကို ရာသီဥတုဆိုးရွားချိန်တွင် ငါးဖမ်းရေယာဉ်နှင့် ရေလုပ်သားများ အန္တရာယ်ကင်းစွာ ရပ်နားနိုင်ရန်အတွက် သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပကမ်းဝေးငါးဖမ်း ရေယာဉ်များအနေနှင့် ရာသီဥတုခိုလှုံသည်ကို အကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး၊ ပုစွန်ဖမ်းဆီးနေသည်ကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။ 



FOLLOW US