News

POST TAGGED AS

ရေပန်းဥယာဉ်

နေပြည်တော်ရေပန်းဥယျာဉ်ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုမည်
ရန်ကုန်၊ ဩဂုတ် ၂၃

နေပြည်တော် ရေပန်းဥယျာဉ် (Fountain Park) ကို ပြည်တွင်းနှင့် ဖက်စပ်ကုမ္ပဏီလုပ်ငန်းရှင်များအား နှစ်ရှည်ငှားရမ်း၍ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနထံမှ သိရသည်။

“ကနဦးတင်ပြလာတဲ့ ပဏာမစိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest) တွေကို ကြည့်ပြီးတော့ အစည်းအဝေးက လိုအပ်တာကို ထပ်ဆုံးဖြတ်လိမ့်မယ်။ အခုက ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးဖို့အတွက် စီစဉ်နေတာပါ”ဟု အဆိုပါဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးရဲလွင်က ဆိုသည်။

ရေပန်းဥယျာဉ် (Fountain Park) အား ခေတ်နှင့်အညီဖွံ့ဖြိုးရန်နှင့် ခေတ်မီသော အပန်းဖြေကစားနည်း ပစ္စည်းများဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ နှစ်ရှည်အငှားချထားသည့်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှထံမှ သိရသည်။

ပဏာမ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest) တစ်စောင်လျှင် တစ်သောင်းကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စက်တင်ဘာလ ၁၄ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ စုံစမ်းသိရှိရသည်။

“ပြည်တွင်းကအသွားများတယ်။ ဘုရားဖူးပြီးတာနဲ့ ညနေပိုင်းဆိုရေပန်းကို ဝင်တာများတယ်။ ပုဂ္ဂလိက ပေးမယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှု ကောင်းကောင်းတွေရဖို့တော့ မျှော်လင့်ထားတယ်”ဟု ပြည်တွင်းခရီးသွား လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

နေပြည်တော်ရေပန်းဥယျာဉ်သို့ ခရီးသွားရာသီတွင် နေ့စဉ်ပြည်တွင်း ပြည်ပဧည့်သည် နှစ်ထောင်ကျော် ဝင်ရောက်လည်ပတ်လေ့ရှိပြီး မိုးရာသီကာလတွင် ဧည့်သည်သုံးရာကျော် ပုံမှန်လည်ပတ်လေ့ရှိကြောင်း အဆိုပါ ဥယျာဉ်တာဝန်ခံထံမှသိရသည်။

နေပြည်တော်ရေပန်းဥယျာဉ်သည် ၂၀၀၉ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်း၊ ပြည်ပဧည့်သည် တစ်ဦးလျှင် ၇၀၀ ကျပ်ဖြင့် ဝင်ကြေးကောက်ခံနေသည့် ဥယျာဉ်တစ်ခုဖြစ်သည်။ 

J-14



FOLLOW US