News

POST TAGGED AS

ရေနစ်သေဆုံးမှု

ဟင်္သာတတွင် ခြောက်တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး


ဟင်္သာတ၊ ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာရှိ အမှတ် ၁၈ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့မိသားစုဝင် အသက် ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသားတစ်ဦး ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်း က ရေနစ်သေဆုံးခဲ့ကြောင်း ရေနစ်သည့် နေရာသို့လာရောက်သည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူသည် အသက် ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသား မောင်လင်း ထက်မောင်ဆိုသူဖြစ်ပြီး မီးသွေးသွားဝယ်ပြီးနောက် နတ်မော်ကျေးရွာရှိ တံတားကြီး ဆိပ်ကမ်းတွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံးရခြင်းဖြစ်ကြောင်း ဟင်္သာတမြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရေနစ်တာကို ကျွန်မတွေ့တယ်။ ကျွန်မလည်း ရေကူးမကျွမ်းကျင်လို့ အော်ခေါ်တော့ နောက်တစ်ကြိမ်ပြန်ပေါ်လာသေးတယ်။ ပြီးတော့ ပြန်မြုပ်သွားတယ်”ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ရေနစ်သေဆုံးသူ၏ ဖခင်မှာ ရှေ့တမ်းစစ်မြေပြင်၌ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တပ်ရင်းတွင် မိခင်နှင့် နေထိုင်သူဖြစ်ကြောင်း၊ သေဆုံးသူ မောင်လင်းထက်အောင်သည် မိခင်ဖြစ်သူကို အကူအညီ အမြဲပေးလေ့ရှိပြီး လိမ္မာသည့် ကလေးငယ်ဖြစ်ကြောင်း အမှတ် ၁၈ ခြေလျင် တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။

မောင်လင်းထက်အောင် ရေနစ်ပျောက်ဆုံးချိန်နှင့် ပြန်လည်တွေ့ရှိချိန်မှာ ၂ နာရီနီးပါးကွာဟခဲ့ပြီး ဟင်္သာတခရိုင် မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့များနှင့် ဒေသခံများပူးပေါင်းရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသေဆုံးမှုကို ဟင်္သာတ မြို့မအမှတ် ၁ ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းအမှတ်စဉ် ၁၇ / ၂၀၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါစခန်းထံမှ သိရသည်။

R-13



FOLLOW US