News

POST TAGGED AS

ရေနစ်သေဆုံးမှု

18-Jun-2018

တံတား ဒလ
ဒလတံတား အမြန်ဆုံးအကောင်အထည်ဖော်ရေး ဒလမြို့ခံပြည်သူ ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်


ရန်ကုန်၊ ဇွန် ၁၇

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတား အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက်ရန် ဒလမြို့နယ်တွင်နေထိုင်သည့် ဒေသခံပြည်သူ ၁၀၀၀ ကျော်က ဇွန်လ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ဆန္ဒပြရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးသားကြီးက ပြောကြားသည်။

အဆိုပါ ဒလတံတားတည်ဆောက်မှုမှာ ကြန့်ကြာနေသည့်အတွက် အမြန်ဆုံးတည်ဆောက်ရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး ဒလတံတား စတင်တည်ဆောက်မှု မပြီးမချင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒလမြို့နယ်လွှတ်တော် ကိုယ်စားလှယ်တွေက တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြသွားဖို့ရှိတယ်။ လွှတ်တော်မှာ မေးမြန်းပြီးဖြေစေချင်လို့ ပြည်သူတွေအင်အားကို ပြချင်လို့ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်တာပါ။ ဒလက တည်ဆောက်ဖို့လုပ်နေတာ ခြောက်နှစ်ရှိပြီ။ ဘာမှဖြစ်မလာသေးဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဒလတံတား အမြန်ဆုံး အကောင်အထည်ဖော်ရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၁၇ ရက် မွန်းတည့် ၁၂ နာရီ မှ မွန်းလွဲ ၂ နာရီအထိ ဒလဒေသခံပြည်သူများက မျက်ရှင်တော်ဆုတောင်းပြည့် မဟာသင်္ကြန်ဘုရားကြီးမုခ်ဦးဝမှ နာရီစင်ပတ်၍ ကမာကဆစ်ကျောက်တိုင် ရှေ့သဲကွင်းကြီးအထိ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားအမြန်ဆုံး အကောင်အထည်ဖော်ရေး၊ တံတားကြီးစီမံကိန်း ကြန့်ကြာအောင် ကန့်ကွက်သူများ အလိုမရှိကြောင်းနှင့် ရန်ကုန်-ဒလတံတား စီမံကိန်းအား မူလအစီအစဉ်အတိုင်း အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက်ပေးရေး စသည့်အချက်တို့ကို အဓိက ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ တံတားတည်ဆောက်ပါက ဆိပ်ကမ်းသို့ ဆိုက်ကပ်မည့် ရေယာဉ်နှင့် သင်္ဘောကြီးများ ဖြတ်သန်းရာတွင် အခက်အခဲများရှိသောကြောင့် ရေလယ်တိုင်နှစ်တိုင်ကို ကမ်းဘက်သို့ ရွှေ့ပြောင်းပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနထံသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အကြံပြုတင်ပြထားသည်။

ဒလတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ခြံစည်းရိုး စတင်ကာရံ၍ တည်ဆောက်ရေးလုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတား ကို ၄ လမ်းသွား၊ သံမဏိကြိုးဆိုင်း အမျိုးအစားနှင့် တံတားအရှည်မှာ ၆၁၄၄ ပေ ရှည်လျားမည်ဖြစ်ပြီး ရေလမ်းကင်းလွတ် အမြင့်ပေ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဒလတံတားစီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံ ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာ အစိုးရဘက်က အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း အသုံးပြုတည်ဆောက်မည်ဖြစ်သည်။ 

J-10


  • VIA


FOLLOW US