News

POST TAGGED AS

ရေတမံ

ပြည်ဇလုံကျေးရွာတွင် ကမ်းပါးပြို၍ နေအိမ်နှစ်လုံးပြိုကျ၊ ၂၀ ကျော်အရေးပေါ်ပြောင်းရွှေ့ရန်လို


ပြည်၊ ဇွန်၁၀

ပြည်မြို့နယ်၊ ဇလုံကျေးရွာအတွင်း ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့ရာ နေအိမ်နှစ်လုံးပြိုကျခဲ့ပြီး အိမ်ခြေ ၂၀ ကျော်အရေးပေါ် ပြောင်းရွှေ့ရန် လိုအပ်နေကြောင်း ဇလုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်းထက်က ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့ည မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ တိုက်စားမှုကြောင့် ဇလုံချောင်းကမ်းပါးရှိ နေအိမ်နှစ်လုံးပြိုကျခဲ့ပြီး နေအိမ်တစ်လုံးရွှေ့ပြောင်းခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

“ရေတွေက ဝုန်းဆိုထိုးကျလာပြီး တဖြည်းဖြည်းနဲ့ပြိုလိုက်လာတာ အိမ်ပေါ်နေတဲ့သူတွေ ဆင်းပြေးကြရတာပေါ့။ ပြီးမှပြန်လိုက်ဆယ်ရတယ်”ဟု နေအိမ်ပြိုကျခဲ့သူဦးဝင်းမြိုင်က ပြောဆိုသည်။

နေအိမ်ပြိုကျခဲ့၍ ပြန်လည်ဆောက်လုပ်ရန် အခက်အခဲရှိနေပြီး မြေနေရာမရှိခြင်းမှာ ပိုမိုခက်ခဲကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မြေနေရာ လိုအပ်တယ်ဆိုတာအိမ်ခြေ ၂၀ ကျော်လောက်ကလည်း ပြောင်းမှရမယ့် အခြေအနေဖြစ်နေတယ်။ မြေကလည်းမရှိဘူး။ ဒီချောင်းနံဘေးရေကာတာ၊ မြေထိန်းနံရံလိုမျိုးလုပ်ပေးမှပဲ အဆင်ပြေမယ်”ဟု ဦးလှမင်းထက်က ဆိုသည်။

လတ်တလော အဆိုပါကမ်းပါးပြို၍ နေအိမ်ပြိုကျခဲ့သော ဇလုံကျေးရွာသို့ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က ကွင်းဆင်းစစ်ဆေးနေပြီး ပြိုကျပြောင်းရွှေ့ရမည့် နေအိမ်များကို ထောက်ပံ့ငွေပေးအပ်ရန် စီစဉ်နေကြောင်း အဆိုပါဌာနများထံမှ စုံစမ်းသိရှိရသည်။ 

M-06




FOLLOW US