News

POST TAGGED AS

ရေတမံ

ရွှေမော်ဓောစေတီဘုရားပွဲ ဗလာအငြိမ့် နိုင်ငံကျော် ဟာသသရုပ်ဆောင်များဖြင့် ပြန်​ဖျော်ဖြေမည်


တောင်​ငူ၊ မတ်​ ၁၂

ပဲခူးတိုင်း​ ပဲခူးမြို့​ရှိ ရွှေ​မော်​​ဓော​စေတီ ဗုဒ္ဓပူဇနိယပွဲ​တော်​၌ နှစ်​​​ပေါင်း ၂၀ ​​ကျော်​ ထည့်သွင်းကျင်းပနိုင်​ခြင်း မရှိခဲ့သည့် ဗလာအငြိမ့်ဖြေ​ဖျော်​ပွဲကို ယခုနှစ်​ပွဲ​တော်​မှ စတင်​ပြီး ပြန်​လည်​ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ဘုရားအလှည့်ကျ​​ ဂေါပကအဖွဲ့ဝင်​ ဦးဝင်း​မောင်​က ​ပြောကြားသည်​။

ဗလာအငြိမ့်ကို မတ်လ ၂၆ ရက်၌ ခင်​လှိုင်​နှင့်​ ဗေလုဝတို့ပါဝင်​သည့် အငြိမ့်အဖွဲ့က အခမဲ့​ဖြေ​ဖျော်​​ရန်​ ပြင်​ဆင်​​နေပြီး ကျန်ဘုရားပွဲ​တော်​ရက်​များအတွင်း ဝင်ကြေးဖြင့် ဖိုးချစ်​၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည်​ ဇာတ်အဖွဲ့များက ပါဝင်​ကပြ​ဖြေ​ဖျော်​​ပေးမည်​ဖြစ်​ကြောင်း ​ဘုရား​ဂေါပကထံမှ သိရသည်။

“ဟိုအရင်​နှစ်​​​တွေက ဇာတ်​ရုံကန်​ထရိုက်​ယူတဲ့သူ​တွေက ကန့်ကွက်​​တာမျိုး​တွေ​ကြောင့် မထည့်ဖြစ်​တာကြာပြီ။ ဒီနှစ်​မှာ​တော့ ခင်​လှိုင်​တို့အဖွဲ့က ဘုရားကို ခုနစ်သိန်းလှူပြီး ​ဗေလုဝ​တွေဘာ​တွေနဲ့ ဗလာအငြိမ့်ကို ပြန်​လည်​ထည့်သွင်းကျင်းပသွားမှာပါ”ဟု ၎င်းက ပြောဆိုသည်​။

နှစ် ၂၆၀၀ ပြည့် ​ရွှေ​မော်​​ဓော​စေတီ ဗုဒ္ဓပူဇနိယပွဲ​​တော်​ကို မတ်​လ ၂၄ ရက်​​မှ ဧပြီလ ၈ ရက်​​နေ့အထိ ကျင်းပမည်​ဖြစ်​ပြီး ပွဲ​တော်​ရက်​များတွင်​ဆိုင်​ခန်းများ၊ ဇာတ်ပွဲများအတွက်​ ဆိုင်​ခန်း​လေလံကို ယခုလ ၈ ရက်​​နေ့က ​နောက်​ဆုံးပိတ်​သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်​အတွင်း ဘုရားကြီးအတွက်​ ကျပ်​သိန်း​တစ်ထောင်ကျော်​ ရရှိထားကြောင်း ​ဂေါပကအဖွဲ့ထံမှ သိရသည်။

ဈေးဆိုင်​ခန်းများ​ရောင်းချရ​ငွေနှင့်​ ဇာတ်​ပွဲ​လေ​လံရရှိငွေများကို ​ရွှေ​မော်​​ဓောဘုရား ဘက်စုံရန်ပုံ​ငွေအဖြစ် အသုံးပြုမည်​ဖြစ်​ပြီး ဘုရားလမ်း​​ပေါ်ရှိ​ ဈေးဆိုင်​ခန်းများအပါအဝင်​ ဆိုင်​ခန်း ၃၀၀ ​ကျော်​နှင့် ပျံကျဆိုင်​ ၁၀၀ ​ကျော်​ ဖွင့်လှစ်​​ရောင်းချခွင့်​ ပေးသွားမည်​ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရှိရသည်​။

အဆိုပါရွှေ​မော်​​ဓော​စေတီ ဗုဒ္ဓပူဇနိယပွဲ​​တော်​ကို နှစ်​စဉ်​ တန်​ခူးလဆန်းမှ တန်​ခူးလပြည့်​နေ့အထိ ကျင်းပလေ့ရှိပြီး ပွဲ​တော်​ရက်​ အဓိက​နေ့ဖြစ်​​သော လပြည့်နေ့များတွင်​ နိုင်ငံတစ်ဝန်းမှ ဘုရားဖူး သိန်းနှင့်ချီ၍ လာရောက်ဖူးမြော်လေ့ရှိကြောင်း ရှေးအခါက အဆိုပါဘုရားပွဲသည်​ ​ပျော်​ပွဲရွှင်​ပွဲများကျင်းပရုံသက်သက်ဖြင့် ကျင်းပခဲ့ခြင်းမျိုးမဟုတ်ဘဲ​ ကုန်​စည်​ဖလှယ်​ပွဲတစ်ခုအဖြစ်​လည်း ကျင်းပခဲ့သည်။ 

R-15



FOLLOW US