News

POST TAGGED AS

ရေဆိုးစွန့်ပစ်စနစ်

အအိုရည်ပျက် တံတား

၁၈၈၅ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အင်္ဂလိပ်သံအဖွဲ့မှ ပန်းချီဆရာ စီဂရန့် ရေးဆွဲထားသည့် ဦးပိန်တံတား၏ ရှုခင်းတွင် တံတား ကြမ်းခင်းများမှာ တစ်တောင်ခန့်ရှိ ပျဉ်ချပ်များကို အလျားလိုက် စီထားလေသည်။

၁၉ဝဝ ပြည့်နှစ်တွင် ရိုက်ကူးထားသည့် ဦးပိန်တံတား ရှုခင်းဓာတ်ပုံတွင်လည်း  တံတားကြမ်းခင်းများက ကန့်လန့်ဖြတ် မခင်းထားသေး။ တံတားနှင့်အပြိုင် အလျားလိုက် စီထားဆဲ ဖြစ်သည်။

ဇာတ်လမ်းက ထိုကာလမှ နှစ်ပေါင်း လေးဆယ်အကျော် ဒုတိယ ကမ္ဘာစစ်ပြီးချိန်မှ  စသည်။ 

၁၉၄၆ ခုနှစ်အချိန်က တောင်သမန် အင်း ရေအလွန်ကြီးသဖြင့် ဦးပိန်တံတား ရေနစ်မြုပ်ခဲ့ရသည်။ တိုင်လုံးများ၊ ကြမ်းခင်းများ ပျက်စီး မျောပါခဲ့ပြီး တံတားကို တောင်သမန်ရွာနေ အမရပူရအမတ် ဦးဘသီက ပြုပြင်ခဲ့သည်။

ထိုအချိန်မှစ၍ တံတားမှာ ရှေးဟောင်း အသွင် ပျောက်ခဲ့ရသည်။

“တံတား စပျက်တာ အခုမှ မဟုတ်ပါဘူး။ ၁၉၄၆ ခုနှစ်ကတည်းကပဲ”ဟု ရှေးဟောင်းပညာရှင် တစ်ဦးက ပြောဆိုသည်။

အင်း၊ က၊ အော်၊ အာ ဆောက်လုပ်ခါ ဟူသည့် စကားရပ်အတိုင်း မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၂၁၃ ခုနှစ် (အင်းကအော်ညီး)တွင် ပြီးစီးခဲ့သည့်အတွက် တံတား၏ သက်တမ်းမှာ ယခုအချိန်တွင် ၁၆၅ နှစ်တိုင် ရှိခဲ့ပြီ။ သူ့ ကျောပေါ်တွင်တော့ဖြင့် ဒဏ်ရာဒဏ်ချက်များက ဗရပွပါပေ။

တံတားကို ပြင်ဆင် ပြုပြင်ခြင်းများ  ပြုလုပ်ခဲ့သည်မှာ ၁၉၄၆ ခုနှစ်မှ ယနေ့ အချိန်ထိ နှစ်ပေါင်း ၇ဝ အတွင်း ၁၂ ကြိမ်ထိ ရှိပြီဖြစ်သည်။

၁၉၆၇ ခုနှစ်တွင် ကျေးလက် ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တံတား အရှေ့ဘက်ရှိ အခန်းပေါင်း ၅ဝ ကို ပြင်ဆင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင်လည်း ရေကြီးသဖြင့် တံတား အခန်းပေါင်း ၈ဝ ခန်း ထပ်မံ မျောပါခဲ့သောကြောင့် အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးနှင့် မြို့နယ်ပြည်သူ့ ကောင်စီတို့က ကြီးကြပ် ပြုပြင်ခဲ့သည်။

အဆိုးဆုံးက ၁၉၈၈ ခုနှစ် ဖြစ်သည်။  ထိုနှစ်တွင်လည်း ရေကြီးသဖြင့် တံတား အခန်းပေါင်း ၄၅ ခန်း ပျက်စီးခဲ့ခြင်းကြောင့် ဆရာတော်များ ဦးဆောင်၍ ပြင်ဆင်ခဲ့ရာ အချို့နေရာများတွင် သံကူ ကွန်ကရစ် တံတားများဖြင့် အစားထိုး ခဲ့ရလေသည်။

ဤသည်တို့က ဦးပိန် တံတားအတွက် ကြီးမားသည့် ဒဏ်ရာဒဏ်ချက်များ ဖြစ်သည်။ ယနေ့ခေတ် ဦးပိန်တံတားကို သွားကြည့်လျှင် ရှေးဟောင်း တိုင်လုံးကြီးများက မရှိသလောက် ပျောက်နေပြီဖြစ်ပြီး ခေတ်သစ်တိုင်များ၊ ကွန်ကရစ်များသာ ကျန်ရှိသည်ကို  တွေ့ရမည် ဖြစ်သည်။

ယင်းနောက်ပိုင်း နှစ်ကာလများတွင်လည်း ကြမ်းခင်း၊ ယက်မ၊ ဆင့်၊ တိုင်များကို ပြင်ဆင်ခြင်း၊ အစားထိုးလဲခြင်းတို့ကို  ရှေးဟောင်း သုတေသန ဌာနက ပြုလုပ်ကာ ပြင်ဆင် ထိန်းသိမ်းခဲ့သည်။

ဤကဲ့သို့ ပြင်ဆင် ထိန်းသိမ်းမှုများ၊ အစားထိုးမှုများ ပြုလုပ် ခဲ့သော်လည်း ပြည်တွင်း ပြည်ပ ခရီးသွားများ၏ တံတားအပေါ် စိတ်ဝင်စားမှုက လျော့ကျမသွား။ 

တစ်နှစ်ထက် တစ်နှစ်ပင် လာရောက်သူ များပြားခဲ့သည်။ အဆိုးဆုံးက သင်္ကြန်ပွဲတော်ကာလ ဖြစ်သည်။

ထိုရက်များတွင် တံတားပေါ် တက်ရောက်သူက နေ့စဉ် သိန်းနှင့်ချီ၍ ရှိသည်။

ပြင်ပမှ လာရောက်သူများအပြင် တံတား အနီးဝန်းကျင်ရှိ ဈေးသည်များ၊ ဒေသခံများ၏ ဖြတ်လျှောက်မှုကလည်း ရှိသည်။

“တံတားကို ပြင်ပေးမယ့် အလှူရှင်ရှိတော့ ကျွန်တော်တို့ကလည်း ဝမ်းသာတာပေါ့။ သူတို့ စပြင်ခွင့်ရတာက မတ်လ ၂၃  ရက်၊ သင်္ကြန်နား နီးပြီဆို ကျွန်တော်တို့ အမြဲ ခေါင်းခဲရတယ်။ တံတားကို အရေးပေါ် ပြင်ဆင်မှုတွေလုပ်ရတယ်'' ဟု အထက် မြန်မာပြည် ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူ  တစ်ဦးက ဦးပိန်တံတားနှင့်ပတ်သက်သည့်  အခက်အခဲကို ညည်းတွားသည်။

ပြင်ဆင်မှုများ အားလုံးတွင် လက်ရှိ ပြင်ဆင် နေသည်က ယခင်ကလို အခန်းလိုက် ပြင်ဆင်ခြင်း၊ ယက်မ၊ ဆင့် စသည်တို့  ပြုပြင်ခြင်းတို့ မဟုတ်ဘဲ တံတား တစ်စင်းလုံးကို ပြင်ဆင်သွားမည် ဖြစ်သည်။ အကြီးစား ပြင်ဆင် ထိန်းသိမ်းမှုဟု ဆိုရမည်။ အလှူရှင်မှာ Myanmar Teak Wood ကုမ္ပဏီ ဖြစ်ပြီး ကုန်ကျစရိတ် အားလုံး တာဝန်ယူကာ ပြင်ဆင်နေကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

၂ဝ၁၄ ခုနှစ် ဧပြီလ သင်္ကြန်အပြီး နောက်ပိုင်း တံတား ပြင်ဆင်ခြင်းကို ဆက်တိုက် ပြုလုပ် လာခဲ့ပြီး လေးလခန့်အကြာ သြဂုတ် လကုန်ပိုင်းတွင် တံတား ပြင်ဆင်နေခြင်းမှာ  တရားဝင် ခွင့်ပြုချက် မရှိသည့်အတွက် ရပ်ဆိုင်းထားရန် တိုင်းဒေသကြီး အစိုးရက ပြောဆိုခဲ့သည်။

“အစိုးရဘက်က တရားဝင်စာ ထုတ်ပြန်ပြီး တားမြစ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ခေါ်တွေ့ပြီး ယာယီ ရပ်ဆိုင်းပေးဖို့ ပြောတာပါ။ အရင်အစိုးရ လက်ထက်က ခွင့်ပြုခဲ့တဲ့ဟာကို ဒီအစိုးရ လက်ထက်မှာ ဘာဆက်လုပ်မလဲ ဆိုတာ ဆွေးနွေးတာပါ”ဟု ကုမ္ပဏီတာဝန်ရှိသူ ဦးဇော်ဝမ်းက ပြောဆိုသည်။

လက်ရှိတွင် အခန်းပေါင်း ၄၁၂ ခန်း ရှိသည့်အနက် ၉ဝ ကျော်ကို ပြင်ဆင်ပြီးနေပြီ ဖြစ်ပြီး တံတား တစ်ခုလုံး၏ ၃ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

ပြင်ဆင်မှု အပိုင်းတွင် အချို့ တိုင်လုံးများ လဲသည်။ ကြမ်းခင်း၊ ယက်မ၊ ဆင့် စသည်တို့ကို လဲသည်။ ထို့ကြောင့် အခန်း အချို့မှာ အသစ်အတိုင်း ဖြစ်ခဲ့ရသည်။

“ဒါပေမဲ့ ဒါက ယာယီပါ။ ဖယ်ရှားထားတဲ့ တိုင်တွေ၊ ကြမ်းခင်း အဟောင်းတွေထဲက ခိုင်ခန့်မှု ရှိသေးတဲ့ဟာတွေကို  ပြန်သုံးသွားမှာ”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ 

ယင်းအပြင် တံတား တစ်စင်းလုံး ပြင်ဆင် ပြီးစီးသွားပါက အသစ်မှာ ၁ဝ ရာခိုင်နှုန်းခန့်သာ ပါဝင်မည်ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ယခင်အစိုးရ လက်ထက် ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တိုင်းဒေသကြီး အစိုးရ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည့် တံတားကြီးကို ရှေးမူမပျက် ပြုပြင် ထိန်းသိမ်းရန် အကြံပြုချက် ရယူ ဆွေးနွေးပွဲတွင် တက်ရောက် လာသူများက အချက် ၂၇ ချက်ကို ရယူခဲ့ကြသည်။

ယင်းအချက်များတွင် တံတား သက်တမ်း ပိုမို ရှည်ကြာ စေရန်အတွက် အခန်း ၁ဝ ခန်းမှ ၁၅ ခန်းအထိ ကန့်သတ်၍ နိုင်ငံခြားသားများသာ ခွင့်ပြု သွားလာစေရန်၊ အခါကြီး ရက်ကြီးများတွင် လူထောင်သောင်းချီ တက်ရောက် သွားလာမှုကို တားမြစ်ရန်၊ ဒေသခံများ သွားလာမှု လွယ်ကူစေရန် သီးခြား တံတား ပြုလုပ်၍ နိုင်ငံတော် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းရန် စသည့် အချက်များ ရရှိခဲ့ကြသော်လည်း အကောင် အထည် ဖော်မည့်ကဏ္ဍကို မတွေ့ရပေ။

လက်ရှိတွင်တော့ တံတား၏ ပြင်ဆင်မှုအပိုင်းကို ရှေးဟောင်းက တာဝန် ယူထားလေသည်။

ပြင်လက်စ တံတားမှာလည်း ထိုအတိုင်းပင်ရှိပြီး မည်သို့ ဆက်လက် ဆောင်ရွက်မည်ကတော့ တိုင်းဒေသကြီး အစိုးရနှင့် ရှေးဟောင်းတို့၏ သဘောထားပေါ် မူတည်လေသည်။ သို့သော်လည်း တံတား၏ အလှတရားကတော့ ပျက်စီးခဲ့ရပြီ။ အလှတရား ဆိုသည်က တံတား ခိုင်ခန့်နေမှ မဟုတ်။ မူလအတိုင်း တည်ရှိ နေခြင်းကသာ အလှတရား ဖြစ်သည်။

စာပေ၊ ကျမ်းဂန်၊ တေးသီချင်း၊ ကဗျာတို့တွင် အမျိုးမျိုး အဖုံဖုံ အဖွဲ့နွဲ့ခံဖြစ်ခဲ့သည့် ကမ္ဘာကျော် ဦးပိန်တံတားမှာ ယခုအချိန်တွင် ပကတိ အလှတရားတို့ ပျက်ယွင်းနေရပြီ ဖြစ်သည်။ 

သဘာဝ ဘေးဒဏ်နှင့် လူတို့၏ စေတနာ ဇောတို့က တံတား၏ အအိုရည်ကို ပျက်စီးစေခဲ့ခြင်း ဖြစ်လေသည်။

မြတ်(ကလေး)



FOLLOW US