News

POST TAGGED AS

ရေဆိုးသန့်စင်

စက်မှုဇုန် ရေဆိုးသန့်စင်စက်ရုံ မတ်လဖွင့်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရွှေပြည်သာ ဇုန် (၁)၊ သာဓုကန်နှင့် ဝါးတစ်ရာစက်မှုဇုန်များရှိ ရေဆိုးထွက်သည့် စက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်သည့်အတွက် ရေဆိုးသန့်စင်စက်ရုံတစ်ခု တည်ဆောက်ပြီး လာမည့်မတ်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ရွှေပြည်သာ ဇုန် (၁) ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်နှစ်ကတည်းက ရန်ကုန်စက်မှုဇုန်များ၏ အရက်ချက်စက်ရုံအချို့သည် စည်းကမ်းမဲ့ရေဆိုးစွန့်ပစ်မှုများကြောင့် စည်ပင်သာယာရေးကော်မတီထံတွင် ဒဏ်ကြေးများ ပေးဆောင်ခဲ့ရကြောင်း၊ ထို့နောက် ရေဆိုးသန့်စင်စနစ်ကို စတင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ညွှန်ကြားခဲ့သည့်အတွက် စက်ရုံတည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီစက်ရုံကို အဓိကလုပ်တာကတော့ ရွှေအိုးအရက်ချက်စက်ရုံက ဦးစီးပြီးလုပ်တာ။ မြေဧက ၅ ဧကပေါ်မှာ ကျပ်သိန်းပေါင်း သုံးသောင်းလောက် ရင်းနှီးမြှုပ်နှံပြီး စက်ရုံထောင်ထားတာပါ။ ဖွင့်မယ့်ရက်ကိုလည်း တိုင်းအစိုးရနဲ့ညှိပြီး လုပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိရေဆိုးထွက်သည့် စက်ရုံများမှာ အရက်ချက်စက်ရုံ၊ စက္ကူစက်ရုံ၊ ကော့စတစ်ဆိုဒါ ထွက်သည့်စက်ရုံ၊ ပိုးသတ်ဆေး ထုတ်လုပ်သည့်စက်ရုံ၊ သားရေနယ် စက်ရုံနှင့် သကြားစက်ရုံများဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ရေဆိုးသန့်စင်စနစ် မလုပ်ထားသည့် စက်မှုဇုန်များကို သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲခိုင်းမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခုတည်ဆောက်မည့် ရေဆိုးစွန့်ပစ်ပစ္စည်းများမှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် စီစဉ်နေပြီး ဆက်လက်ဖော်ဆောင်မည့် စက်မှုဇုန်များအတွက်လည်း ဗဟိုရေဆိုးသန့်စင်စနစ်ကို မဖြစ်မနေထည့်သွင်းရန် ညွှန်ကြားထားကြောင်း၊ တစ်နိုင်ငံလုံးရှိ အချို့သောစက်မှုဇုန်များကို တစ်နှစ်အတွင်း EMP (သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်) ရေးဆွဲရန် ထုတ်ပြန်ချက်ထုတ်ထားကြောင်း ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

J-13



FOLLOW US