News

POST TAGGED AS

ရေကာတာ

တရားမဝင်ရွှေတူးသူများကို လယ်ယာမြေပေး၍ လယ်လုပ်ခိုင်း


ကလေး၊ မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း၌ တရားမဝင်ရွှေတူးဖော်ခြင်းနှင့် တောင်ယာလုပ်ကိုင်ကြသည့် လယ်မဲ့ယာမဲ့တောင်သူ ၁၀၀ ကျော်ကို လယ်ဧက ၂၀၀ အခမဲ့ပေးအပ်ကာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်စေခဲ့ကြောင်း ခန္တီးမြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောကြားသည်။ 

“တရားမဝင် ရွှေမျောတွေ တိုက်တာ တောင်ယာစနစ်ကို မှီခိုကြတယ်။ အဲဒါကို ကျွန်တော်တို့က ကွင်းဆင်းပြီးတော့ တရားမဝင်ရွှေတူးဖော်သူတွေ လယ်ဧကတွေ ဖော်ပေးမယ်ဆိုရင် တစိုက်မတ်မတ်လုပ်ပါ့မလားဆိုပြီး မေးတော့ သူတို့ဘက်က လုပ်ပါမယ်ဆိုပြီးပြောတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုတင်ပြပြီး လယ်ဧကတွေကို ဖော်ထုတ်ပေးအပ်တာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ လယ်ယာများကို ၂၀၁၇ ခုနှစ်မှစတင်၍ ကျပ်သန်း ၁၂၀ အသုံးပြု ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် လယ်မဲ့ယာမဲ့ဖြစ်သည့် တောင်သူများကိုသာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ 

ယင်းတောင်သူများထံ လယ်ယာမြေပေးအပ်ပွဲကို မေလ ၁၃ ရက်နေ့ နံနက်က ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ဆင်သေကျေးရွာမှ တောင်သူ ၃၆ ဦးကို လယ်ဧက ၅၄ ဧက၊ လောင်ပကျေးရွာမှ တောင်သူ ၁၈ ဦးကို လယ်ဧက ၃၇ ဧက၊ နာတိုက်ကျေးရွာမှ တောင်သူ ၃၈ ဦးကို လယ်ဧက ၈၁ ဧကနှင့် ကင်းတော်ကျေးရွာမှ တောင်သူ ၁၂ ဦးကို လယ်ဧက ၂၈ ဧက စုစုပေါင်းတောင်သူ ၁၀၄ ဦးကို လယ်ဧက ၂၀၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ခန္တီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။

ခန္တီးခရိုင်အတွင်းရှိ လယ်မဲ့ယာမဲ့ တောင်သူများကို လယ်ယာမြေပေးအပ်မှုအဖြစ် ၂၀၁၇ ခုနှစ် မေလအတွင်းကလည်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ တောင်သူဦးရေ ၁၀၀ ကျော်ကို လယ်ဧက ၃၀၅ ဧက အခမဲ့ပေးအပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ လယ်ယာမြေဖော်ထုတ်ကာ အခမဲ့ပေးအပ်မှုအနေဖြင့် ခန္တီးမြို့နယ်အတွက် လယ်ဧက ၂၀၀၊ ကသာမြို့နယ်အတွက် လယ်ဧက ၁၀၀၊ ဟုမ္မလင်းမြို့နယ်အတွက် လယ်ဧက ၃၀၅ ဧက၊ ဖောင်းပြင်မြို့နယ်အတွက် လယ်ဧက ၂၀၀၊ ကန့်ဘလူမြို့နယ်အတွက် လယ်ဧက ၂၀၀၊ ရေဦးမြို့နယ်အတွက် လယ်ဧက ၂၀၀၊ စစ်ကိုင်းမြို့နယ်အတွက် လယ်ဧက ၁၀၀ နှင့် ပုလဲမြို့နယ်အတွက် လယ်ဧက ၁၀၀ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ 





FOLLOW US