News

POST TAGGED AS

ရေကာတာ

15-Mar-2018

မကွေး ရေကာတာ
ချောင်းရေတိုက်စားမှု ကာကွယ်ရန် ကိုယ်ထူကိုယ်ထ ရေကာတာ တည်ဆောက်


ကလေး၊ မတ် ၁၄ 

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ကျေးရွာ စလင်းချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ကိုယ်ထူကိုယ်ထ ရေကာတာ တည်ဆောက်လျက်ရှိကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ပြောကြားသည်။ 

၂၀၁၇ ခုနှစ် မိုးရာသီကာလအတွင်းက စလင်းချောင်းရေကြောင့် ကမ်းပါးများပြိုကျသဖြင့် လူနေအိမ် ၂ အိမ် ပြောင်းရွှေ့ခဲ့ရသည့်အပြင် လယ်ယာများ စိုက်ပျိုးရေးအတွက် စလင်းချောင်းမှရေကို သွယ်ယူသည့် ရေမြောင်းမှာလည်း ချောင်းရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အတွက် ရွာသားများ၏ လုပ်အား၊ အလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် ကိုယ်ထူကိုယ်ထ ရေကာတာ တည်ဆောက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“လောင်းရှည်မှာ ချောင်းထဲကနေ ရေသွယ်ယူတဲ့ ရေမြောင်းကြီးရှိတယ်။ အဲဒီရေမြောင်းကြီးကို မှီခိုပြီး စိုက်ပျိုးနေရတဲ့ လယ်ဧကပေါင်းက အများကြီးရှိတယ်။ ဒီမြောင်းကြီးသာ ကျိုးသွားမယ်ဆိုရင် နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေးလုပ်လို့ မရတော့ဘူး။ စားဝတ်နေရေး နေမှုထိုင်မှုကအစ ခက်ခဲသွားမို့ တာရေကာတာ လုပ်နေကြတာ”ဟု ဦးနေလင်းထွန်းက ပြောဆိုသည်။ 

ဈေးရပ်ကွက်အနီး တည်ဆောက်နေသည့် ရေကာတာသည် အလျား ပေ ၁၀၀၊ အနံ ၆ ပေ၊ အမြင့် ၁၂ ပေကျော်ရှိပြီး ၂၀၁၈ ခုနှစ် မတ်လ ဒုတိယပတ်မှ စတင်တည်ဆောက်ခဲ့ကာ ယခုနှစ် မိုးရာသီမတိုင်မီ အပြီးတည်ဆောက်မည်ဖြစ်ကြောင်း လောင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

“လွှတ်တော်ကိုယ်စားလှယ်တွေကတော့ လာတော့ကြည့်တယ်။ သူတို့က ဘယ်တော့ဆောက်မယ် ဘယ်တော့ဆောက်မယ်လို့ ပြောတယ်။ သူတို့ဟာ မစောင့်နိုင်ဘူး။ ကျွန်တော်တို့က မိုးမကျမီလုပ်ရမယ်။ သူတို့က နောက်နှစ်ဘတ်ဂျက်တွေ၊ ဘာတွေ ပြောတယ်။ ကျွန်တော်တို့က မစောင့်နိုင်ဘူး”ဟု လောင်းရှည်ကျေးရွာနေ ဦးစောမင်းနိုင်က ပြောသည်။ 

R-20




FOLLOW US