News

POST TAGGED AS

ယောဂ

01-Jun-2017

အိန္ဒိယ
ဝန်ကြီးချုပ်မိုဒီနှင့် တွေ့ဆုံစဉ် ဒူးပေါ်စကတ်ဝတ်သည့် အိန္ဒိယ ရုပ်ရှင်မင်းသမီး ဝေဖန်ခံရ
နယူးဒေလီ၊ မေ ၃၁

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် တွေ့ဆုံခဲ့ရာတွင် သရုပ်ဆောင် မင်းသမီး ပရီယန်ကာချိုပရာသည် ဒူးပေါ်သောဝတ်စုံကို ဝတ်ဆင်ခဲ့သဖြင့် လူမှုကွန်ရက် မီဒီယာ အသုံးပြုသူများ၏ ဝေဖန်မှုများနှင့်  ကြုံနေရကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဝန်ကြီးချုပ်ကို မလေးမစား အမူအရာများ ပြုလုပ်သည်ဟု အချို့သော Facebook အသုံးပြုသူများက ဝေဖန်နေကြခြင်း ဖြစ်သည်။

ထီမထင်သည့် သရုပ်ဆောင်မင်းသမီး ချိုပရာက သူ့မိခင်နှင့်အတူ ဝတ်စုံတိုများ ဝတ်ဆင်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာပေါ် တင်ခဲ့ပြီး ‘ယနေ့အတွက် ခြေတံများ’ ဟု အဆိုပါပုံ၏ အမည်ကို ပေးခဲ့သည်။

အခြားအိန္ဒိယ ရုပ်ရှင်မင်းသမီးများသည်လည်း ၎င်းတို့ ဝတ်စုံရွေးချယ်မှုအတွက် မကြာခဏ ဝေဖန်ပစ်တင်ခံခဲ့ရဖူးသည်။

၂၀၁၄ ခုနှစ်ကလည်း ရင်သားကြား နေရာပေါ်နေသည့် ဝတ်စုံကြောင့် သတင်းစာတစ်စောင်က သရုပ်ဆောင် မင်းသမီး ဒီပီကာပါဒူကိုနီကို ဝေဖန်ခဲ့ရာတွင် မင်းသမီးဘက်ကလည်း ‘ဟုတ်တယ်။ ကျွန်မက မိန်းမတစ်ယောက်။ ရင်သားရှိတယ်။ ရင်ကြား ရှိတယ်။ ရှင်တို့နဲ့ ဘာဆိုင်လဲ’ ဟု Twitter တွင် ပြန်လည်ရေးသားခဲ့သည်။ 

၎င်း၏ရပ်တည်ချက်အပေါ် အိန္ဒိယ အမျိုးသမီး သရုပ်ဆောင်များကလည်း ဝိုင်းဝန်းရပ်တည်ခဲ့သည်။ 

ဟောလိဝုဒ် ဇာတ်ကားများနှင့် အမေရိကန် ရုပ်သံစီးရီးတွင် အောင်မြင်မှုများ ရရှိနေသော ချိုပရာသည် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် နာရန်ဒြာမိုဒီနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

‘အချိန်မအားသည့်ကြားမှ အချိန်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း’ ရေးထားကာ ဝန်ကြီးချုပ်နှင့် တွဲရိုက်ထားသည့်ပုံကို တင်လိုက်ရာမှ စကဒ်တိုသဖြင့် ဝေဖန်ပြေဆိုမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ကို မလေးမစား ဝတ်ဆင်ခြင်း၊ စော်ကားခြင်း စသည့် ခေါင်းစဉ်ကြီးများတပ်ကာ ပြောဆိုနေကြသော်လည်း ပရီရန်ကာချိုပရာက ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ပေ။

ထို့နောက် မိခင်နှင့်အတူ ပေါင်ပေါ်သော စကဒ်အတိုများ ဝတ်ကာ ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ 

အမျိုးသမီးများ မည်သို့မည်ပုံ ဝတ်စားသင့်သည်ကို ပြောနေကြရအောင် အမှောင်ခေတ်တွင် နေထိုင်နေခြင်း မဟုတ်ကြောင်း လူမှုကွန်ရက် မီဒီယာ အသုံးပြုသူ အမျိုးသားတစ်ဦးကလည်း ချိုပရာဘက်မှ ထောက်ခံရေးသားထားသည်။  

F-02



FOLLOW US