News

POST TAGGED AS

မှော်ဘီမြို့

ထမင်းစားပွဲ မှာယူရာမှ အချင်းများပြီး လူသတ်မှုဖြစ်
ရန်ကုန်၊ ဇူလိုင် ၃၀

မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာရှိ ဦးကျောက်ခဲထမင်းဆိုင်တွင် လာရောက်စားသောက်သည့် အမျိုးသားတစ်ဦးက မှာယူထားသည့် ထမင်းစားပွဲ ချက်ချင်းမရောက်လာသဖြင့် အော်ဟစ်ဆဲဆိုခဲ့သောကြောင့် စားပွဲထိုးနှစ်ဦးက ၎င်းကို လုံးထွေးသတ်ပုတ်ပြီး ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သေဆုံးသူ အသက် ၃၃ နှစ် ကိုကျော်ဘမှာ သန်လျင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာရှိ ၎င်း၏ ဦးလေး၏နေအိမ်သို့ အလည်လာရောက်သူဖြစ်ကြောင်း၊ ၎င်းမှာ ဇူလိုင်လ ၂၉ ရက် နံနက် ၁ နာရီခန့်က ဦးကျောက်ခဲထမင်းဆိုင်သို့သွားရောက်၍ ထမင်းမှာယူစဉ် စားပွဲထိုးနှင့် အချင်းများရာမှ ဓားဖြင့်ခုတ်သတ်ခံရခြင်းဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။

“သေဆုံးသူက မြောင်းတကာမှာနေတဲ့ သူ့ညီဝမ်းကွဲတွေနဲ့အတူ အခင်းဖြစ်ညက ဦးကျောက်ခဲထမင်းဆိုင်မှာ ထမင်းသွားစားကြတယ်။ ကျော်ဘက သူမှာထားတဲ့ ထမင်းစားပွဲက နောက်ကျနေလို့ စားပွဲထိုးကောင်လေးကို ဆဲဆိုခဲ့တယ်။ အဲဒီမှာ ကျော်ဘနဲ့ စားပွဲထိုး စကားများကြပြီး လုံးထွေးသတ်ပုတ်နေချိန်မှာ ဆိုင်ကနောက်ထပ် စားပွဲထိုးတစ်ယောက်က ကျော်ဘကို ဓားနဲ့ဝင်ခုတ်ခဲ့တာပါ။ ပြစ်မှုကျူးလွန်သူ နှစ်ယောက်ကို ဖမ်းမိထားပါပြီ”ဟု ရဲအရာရှိက ရှင်းပြသည်။

ဓားခုတ်ခံရသည့် ကိုကျော်ဘမှာ နားထင်၊ လက်မောင်း၊ နံစောင်းနှင့် ဘယ်ညှပ်ရိုးနေရာတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း၊ လူသတ်မှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် စားပွဲထိုးနှစ်ဦးကို လိုက်လံရှာဖွေခဲ့ရာ ဇူလိုင်လ ၂၉ ရက် နံနက် ၁၀ နာရီတွင် တိုက်ကြီးမြို့နယ် ဂုန်ညှင်းတန်းကျေးရွာတွင် ဓားဖြင့်ခုတ်သည့် အသက် ၂၂ နှစ် ကိုစန်းမင်းဦးနှင့် လုံးထွေးသတ်ပုတ်ခဲ့သူ အသက် ၁၈ နှစ် ကိုကုလား (ခ) ထက်ညီညီတို့ကို ဖမ်းဆီးရမိသဖြင့် မှော်ဘီမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားသည်။

S-03




FOLLOW US