News

POST TAGGED AS

မှော်ဘီမြို့

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုကို ရုပ်သိမ်း၊ ဖမ်းဆီးခံထားရသူ သုံးဦး ပြန်လည်လွတ်မြောက်


ရန်ကုန်၊ ဇူလိုင် ၂၆

နှစ်သစ်ကူးည The One Entertainment တွင် လူတစ်စု၏ ဝိုင်းထိုးကြိတ်ကန်ကြောက်မှုကြောင့် သေဆုံးခဲ့သည့် သရုပ်ဆောင် အောင်ရဲထွေး၏ အမှုနှင့်ပတ်သက်ပြီး လူသတ်မှုပုဒ်မဖြင့် အရှေ့ပိုင်းခရိုင် တရားစွဲဆိုစစ်ဆေးနေသော အမျိုးသားသုံးဦး၏ အမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုထံမှ သိရသည်။

“ဒီအမှုကို စစစ်ကတည်းက သေဆုံးသူ မိသားစုဘက်က အမှုရုပ်သိမ်းပေးဖို့ သဘောတူခဲ့တယ်။ ဒါကို ဒုခရိုင် ဥပဒေအရာရှိကနေတစ်ဆင့် ခရိုင်ဥပဒေအရာရှိ ၊ တိုင်းဥပဒေအရာရှိ၊ ဥပဒေချုပ်အဆင့်အထိကို တင်ပြခဲ့ပြီးမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၉၄ (က) အရ အမှုကို ပြန်ရုပ်သိမ်းခွင့် ပြုလိုက်တယ်။ ဒါကြောင့် ဇူလိုင်လ ၂၅ ရက် (မနေ့က) တရားစွဲဆိုခံရသူသုံးဦး ပြန်လွတ်ခွင့်ရခဲ့တယ်”ဟု တရားစွဲဆိုခံရသူ ကျော်ဇော (ခ) ကျော်ဇောဟန်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက ရှင်းပြသည်။

သေဆုံးသူ သရုပ်ဆောင် အောင်ရဲထွေးမှာ လူတစ်စု၏ ဝိုင်းထိုးကြိတ်ကန်ကြောက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ပြီးနောက် ယင်းအမှုနှင့်ပတ်သက်၍ အသက် ၂၈ နှစ် ကျော်ဇော (ခ) ကျော်ဇော်ဟန်၊ အသက် ၂၆ နှစ် သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့သုံးဦးက ရဲစခန်းထံတွင် လာရောက်အဖမ်းခံခဲ့သည်။

“ဒီအမှုမှာ တရားလိုအပါအဝင် လိုပြသက်သေ ၁၄ ဦးကို စစ်ဆေးခဲ့တယ်။ စစ်ဆေးချက်အရ သေဆုံးသူ ဦးခေါင်းဒဏ်ရာက ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာ မပေါ်ပေါက်ခဲ့ဘူး။ ပြီးတော့ သေဆုံးသူနဲ့ တရားစွဲဆိုခံရသူတွေက ဘာသာတူတာရယ်၊ ရန်ငြိုးရန်စ မရှိတာရယ်၊ သက်သေမခိုင်မာတာရယ်ကြောင့် စွဲချက်မတင်ရသေးတဲ့ အမှုမို့ အမှုကို ပြန်ရုပ်သိမ်းခွင့် ပြုခဲ့တာဖြစ်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက ပြောသည်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုနှင့်ပတ်သက်၍ အမှုရုတ်သိမ်းခဲ့ခြင်းမှာ တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုကို ကျဆင်းစေကြောင်း ဥပဒေအကျိုးဆောင်များက သုံးသပ်ကြသည်။

“ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူသေဆုံးခဲ့ရတဲ့အတွက် မိသားစုက ကြေအေရင်တောင် ဒီအမှုကို ရုတ်သိမ်းလို့ရတဲ့ အမှုမဟုတ်ပါဘူး၊ ဘယ်သူလုပ်မှန်း မသိလို့ လူသတ်မှုနဲ့ စွဲချက်မတင်နိုင်ရင်တောင် လူသတ်မှုမမမြောက်သည့် လူသေစေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄ အလိုအလျှောက် အပြင်းအထန်နာကျင်စေမှုဆိုင်ရာ ၃၂၆ နဲ့ စွဲချက်တင် စစ်ဆေးအပြစ်ပေးခဲ့တဲ့ သာဓကတွေစီရင်ထုံးတွေ အများကြီးပါ ဥပဒေနဲ့ တိမ်းစောင်းလွဲချော်နေတယ်လို့ပဲ မြင်ပါတယ်” ဥပေ အကျိုးဆောင် ဦးခင်မောင်မြင့်က ပြောကြားသည်။

S-03



FOLLOW US