News

POST TAGGED AS

မှော်ဘီမြို့

ဆေးစစ်ချက်တွင် ကာလသားရောဂါပိုးတွေ့သည်ဟုဆိုကာ အမျိုးသားတစ်ဦး အဆိပ်သောက်သေဆုံး
ရန်ကုန်၊ ဇွန် ၂၅

မှော်ဘီမြို့နယ်၊ ဖူးကြီးရေကန်အနီးရှိ ရေလွတ်တာဘောင်တစ်ခုပေါ်တွင် ဇွန်လ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က ဆေးစစ်ချက်တွင် ကာလသားရောဂါပိုးတွေ့ရှိသည်ဟုဆိုကာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး အဆိပ်သောက် သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာတွင် နေထိုင်သူ အမျိုးသားသည် ယင်းနေ့နံနက် ၇ နာရီခန့်က နေအိမ်မှထွက်သွားပြီးနောက် မွန်းလွဲ ၁ နာရီခန့်တွင် တစ်ရွာတည်းနေ အသက် ၃၀ အရွယ် သူငယ်ချင်းတစ်ဦးကို ဖုန်းဆက်၍ မိမိအဆိပ်သောက်လိုက်ကြောင်း ပြောကြားကာ ဖုန်းချသွားသဖြင့် မိသားစုဝင်များနှင့်အတူ လိုက်လံရှာဖွေစဉ် အထက်ပါနေရာ၌ ခန္ဓာကိုယ်ဘေးတစောင်းအနေအထားဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ပိုးသတ်ဆေးသောက်လို့ သေသွားတဲ့လူတစ်ယောက် ရောက်နေတယ်ဆိုပြီး ဆေးရုံကနေဖုန်းဆက်လို့ သွားစစ်ဆေးတာ။ သေဆုံးသူရဲ့ဖခင်နဲ့ သေဆုံးသူရဲ့ သူငယ်ချင်းပြောတာကတော့ မလေးရှားသွားဖို့ ဆေးစစ်တာ ကာလသားရောဂါပိုးတွေ့လို့ စိတ်ညစ်နေတဲ့အတွက် အဆိပ်သောက်လိုက်တာလို့သိရတယ်။ အလောင်းမှာတော့ တခြားပြင်ပဒဏ်ရာမတွေ့ရပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ရုပ်အလောင်းကို ဝါးနက်ချောင်းဆေးရုံမှ လက်ခံစစ်ဆေးနေပြီး မှော်ဘီမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည့် အမှုပေါင်း ၁၃၀၀ ကျော်ရှိခဲ့ရာက အဆိပ်သောက်သေဆုံးသူ ၃၄ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ သေမှုသေခင်းပေါင်း ၅၄၀ ကျော်တွင် အဆိပ်သောက်သေဆုံးသူ ၁၂ ဦးရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက် စာရင်းများအရသိရသည်။

J-16



FOLLOW US