News

POST TAGGED AS

မော်တော်ယာဉ်

24-Jul-2018

မော်တော်ယာဉ်
မရေရာ မသေချာ ရန်ကုန်ကားလိုင်စင်


ဧပြီလ ပေးမည်။ ဇွန်လ ပေးမည်ဟုဆိုသည့် ရန်ကုန်ကားလိုင်စင်တို့ ပျောက်ချက်သားကောင်းနေသည်မှာ ဇူလိုင်လပင် ကုန်တော့မည်ဖြစ်သည်။

စလစ်ကပ်ယာဉ်များမှအပ လိုင်စင်ထုတ်ပေးမှု ရပ်တန့်ထားသည်မှာ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့ နောက်ပိုင်းကတည်းက ဖြစ်သည့်အတွက် ကားလုပ်ငန်းရှင်တို့ မျှော်နေသည်မှာ ၂ နှစ်နှင့် လေးလပြည့်ရန် ရက်ပိုင်းသာ လိုပေတော့သည်။

သို့သော် မျှော်နေသူတို့မှာလည်း အားအင်ကုန်ခန်းပြီး မျှော်လင့်ချက်မထားတော့သည့် အခြေအနေသို့ပင် ဆိုက်နေပြီဖြစ်သည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း (MAMDA) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကတော့ The Voice Daily ၏ ရန်ကုန်လိုင်စင် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းသည်ကို “ဂျပန်ကားတွေ ရန်ကုန်လိုင်စင်ရဖို့မရဖို့ လုပ်ဆောင်ဖို့ထက် အဲဒီလိုင်စင်ပေးဖို့ကိစ္စက ဘယ်ဆီနေမှန်းတောင်မသိဘူး”ဟု ၎င်းက ဆိုသည်။

ရန်ကုန်ကားတင်သွင်းခွင့်လက်မှတ် (YVQC) ဟု ခေါ်သည့် ရန်ကုန်ကားလိုင်စင်ကို ဧပြီလအတွင်း ထုတ်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Man ကုန်တင်ယာဉ်ကြီးများ မိတ်ဆက်ပွဲ အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထို့နောက် မေလအတွင်းအထိ ပေါ်မလာခဲ့သော ထိုလိုင်စင်ကိစ္စသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေးပြုလုပ် ပြီးနောက် ဇွန်လအတွင်းပေးမည်ဟု ထပ်မံသတင်း ထွက်ပေါ်လာခဲ့သော်လည်း ယခုနောက်ဆုံး အခြေအနေမှာမူ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု ယင်းအစိုးရနှင့်နီးစပ်သည့် ကားလုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါလိုင်စင်ထုတ်ပေးရန် စီစဉ်နေမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူများထံသို့ ဖုန်းဖြင့်သော်လည်းကောင်း၊ စာတိုပေးပို့မှုဖြင့် သော်လည်းကောင်း မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့သည့်အတွက် ထိုလိုင်စင်ကိစ္စနှင့် ပတ်သက်၍  MAMDA အသင်းမှ တာဝန်ရှိသူများကိုသာ ဆက်သွယ် မေးမြန်းနေကြရသည်။

အဆိုပါရန်ကုန်ကားလိုင်စင် ဖြစ်ပေါ်လာရခြင်းသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစ၍ ရန်ကုန်လိပ်စာဖြင့် ကားတင်သွင်းမည်ဆိုပါက ပါကင်ပါမစ် (ဝါ) ကားရပ်နားရန်နေရာရှိမှသာ တင်သွင်းခွင့်ပြုမည် ဟုကြေညာခဲ့ပြီး တိုင်းအစိုးရမှ နှစ်ပတ်တစ်ကြိမ်ပြုလုပ်သည့် အစည်းအဝေးမှတစ်ဆင့် ပါကင်ပါမစ်များကို ထုတ်ပေးခြင်းက အစပြုခဲ့သည်။

သို့သော် ထိုသို့ထုတ်ပေးမှုကိုလည်း ဦးသိန်းစိန် အစိုးရမဆင်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးထံသို့ အာဏာမလွှဲပြောင်းမီကာလ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်က ရပ်နားခဲ့ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက်တွင် ဒီနေ့ပေးမည်၊ ဟိုနေ့ပေးမည်ဖြင့် ရပ်တန့်ထားခဲ့သည်။

လတ်တလော အဆိုပါရန်ကုန်လိုင်စင်ထုတ် ပေးရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် သမ္မတရုံးနှင့် လွှတ်တော်တို့ထံသို့ အဆင့်ဆင့်တင်ပြပြီးမှသာ ခွင့်ပြုမည်ဖြစ်ပြီး ယင်းမှရရှိသည့် ငွေကြေးများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးသွင်းမည်ဖြစ်ကာ တိုင်းအစိုးရဘတ်ဂျက်အတွင်းသို့ ထည့်သွင်းမည်မဟုတ်ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးရန်မျိုးအောင်က ပြောကြားသည်။

ရန်ကုန်လိုင်စင်ကိုခွင့်ပြုရာတွင် ကားဝယ်ယူလို သူအနေဖြင့် တိုင်းအစိုးရထံ လိုင်စင်လျှောက်ထားရမည်ဖြစ်ပြီး ရရှိသည့်လိုင်စင်ဖြင့် မိမိကြိုက်နှစ်သက်ရာကားကို ပြည်တွင်းသို့ တင်သွင်းပြီးသား အရောင်းပြခန်းမှ ကားဖြစ်စေ၊ ပြည်ပမှဖြစ်စေ တင်သွင်းနိုင်မည်ဖြစ်သည်။ လိုင်စင်တစ်စောင်၏ သက်တမ်းကို ကနဦး ၁၅ နှစ် သတ်မှတ်ထားပြီး အင်ဂျင်ပါဝါအလိုက် သတ်မှတ်ကာ ကျပ် ၁၀ သိန်းမှ သိန်း ၉၀ အထိ သတ်မှတ်ကောက်ခံရန် ပြင်ဆင်လျက်ရှိသည်။

“ဒီလိုင်စင် စထုတ်ပေးပြီဆိုရင်တော့ ဂျပန်ကားတွေကိုလည်း မော်ဒယ်လ်တစ်ခု သတ်မှတ်ပြီး ရန်ကုန်လိုင်စင်ထုတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုမှာပါ။ အဲဒါမှမရဘူးဆိုရင်လည်း နယ်လိုင်စင်ကားတွေကို ရန်ကုန်လိုင်စင် ပြန်ပြောင်းခွင့်ပေးဖို့ လုပ်မှာပါ”ဟု မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးရန်မျိုးအောင်က ၎င်းတို့ ရှေ့ဆက်လုပ်မည့်အကြောင်းကို ဖွင့်ဟပြောဆိုသည်။

လက်ရှိအခြေအနေအရ ရန်ကုန်ကားလိုင်စင်ထုတ်ပေးရာတွင် ၂၀၁၈ မော်တော်ယာဉ်မူဝါဒအရသာ ထုတ်ပေးရန် စီစဉ်နေခြင်းဖြစ်သည့်အတွက် ဂျပန်နိုင်ငံထုတ် ညာမောင်းကားများ ပါဝင်လာဖွယ်မရှိပေ။

၂၀၁၈ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒတွင် ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုထားပြီး တစ်ဦးချင်း တင်သွင်းခွင့်ပါမစ်ဖြင့် ၂၀၁၆ မှ ၂၀၁၈ မော်ဒယ်လ်အထိ၊ ယာဉ်အိုယာဉ်ဟောင်းအစားထိုး ယာဉ်တင်သွင်း ခွင့်ပါမစ်ဖြင့် ၂၀၁၄ ခုနှစ် မော်ဒယ်လ်နှင့်အထက် ယာဉ်များကို ဘယ်မောင်းအဖြစ်သာ တင်သွင်းခွင့်ပြုထားသည်။

“ရန်ကုန်လိုင်စင်က ကျွန်တော်တို့နဲ့မဆိုင်ဘူးလေ။ သူတို့က မြညေိ နြတှ့သတမသသာ တွေကိုပဲ ပေးမှာ” ဟု လှိုင်ယာဉ် ရောင်းဝယ်ရေးစခန်းမှ ဂျပန် ကားများတင်သွင်းရောင်းသူ ကားဝယ်ရောင်း ဦးအေး ကျော်က ဆိုသည်။

လတ်တလော ပြည်တွင်း၌ မော်တော်ယာဉ် တစ်ပိုင်းတစ တပ်ဆင်ထုတ်လုပ်ခြင်းစနစ် (SKD-Semi-Knocked Down) ဖြင့် ထုတ်လုပ်သည့်ယာဉ်များနှင့် ယာဉ်အိုယာဉ်ဟောင်းအစားထိုးယာဉ်စလစ်ဖြင့် တင်သွင်းသည့်ယာဉ်များအနေနှင့် ရန်ကုန်လိုင်စင် ရရှိလျက်ရှိသည်။

လတ်တလော Free Permit ဖြင့် တင်သွင်းရသည့်ယာဉ်များကို နယ်လိုင်စင်အဖြစ်သာ အရောင်းအဝယ်ပြုလုပ်နေရပြီး ယင်းနယ်လိုင်စင်များဖြင့် ရန်ကုန်တွင် ဝယ်ယူစီးနင်းနေသူများအနေနှင့် မြို့ဝင်ကြေး များပြားစွာကောက်ခံခြင်းနှင့် နယ်နှင်စေခြင်းတို့ဆိုသည့် အန္တရာယ်များဖြင့် ကျီးလန့်စာစားအခြေအနေဖြင့် ဝယ်ယူစီးနင်းနေကြရသည်။

ထို့ကြောင့် တခြားကား (Free Permit) များကိုလည်း ရန်ကုန်ကားလိုင်စင် ပြန်လည်ပေးအပ်ရမည်မှာ မလွဲဖြစ်သော်လည်း အစိုးရအနေနှင့် လုပ်ငန်းရှင် အကျိုးအတွက်သာမဟုတ်ဘဲ ပြည်သူများ၏ အကျိုးကျေးဇူးနှင့် ဒုက္ခကိုလည်း ကြိုတင်တွက်ဆ၍ ထုတ်ပေးရမည်ဖြစ်သည်။

လက်ရှိ ရန်ကုန်နေပြည်သူတို့ အဆိုးဆုံးအကျပ် အတည်းဖြင့် ရင်ဆိုင်နေရသည်မှာ ယာဉ်ကြောကျပ်တည်းခြင်းဖြစ်သည်။ ထိုအခက်အခဲကိုလည်း လျစ်လျူရှု၍မရပေ။

လက်ရှိအချိန်အထိ ရန်ကုန်လိုင်စင်ကို ပြန်လည်မပေးအပ်သေးခြင်းသည် တိုင်းအစိုးရ၌ တိကျသည့် ကားတင်သွင်းခွင့်မူဝါဒမရှိခြင်း၊ ယာဉ်ကြောကျပ်တည်းခြင်းကို လွန်စွာခံစားနေရခြင်းဆိုသည့် အဓိကအကြောင်း အရင်းများကြောင့်ဖြစ်သည်ဟု မော်တော်ယာဉ်လုပ်ငန်းရှင်များက ဆိုသည်။

“တကယ်တော့ မူဝါဒကောင်းကောင်းသာ အစိုးရဆီမှာရှိမယ်ဆိုရင် ဒီလိုပိတ်ထားစရာကို မလိုဘူး။ ဒီမိုကရေစီဖြစ်တဲ့အတွက် လိုတဲ့ဟာတွေကို လိုသလို ဖွင့်ပေးပြီး မလိုတာတွေကို မလိုသလို အခွန်များ များကောက်တာမျိုး လုပ်ဆောင်လို့ရနိုင်ပါတယ်”ဟု ကားလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အခြေအနေတွင် ရန်ကုန်မြို့တွင်သာ အလုပ်အကိုင်အခွင့်အလမ်း အများအပြားရှိနေပြီး အခြားမြို့နယ်များတွင် အလွန်နည်းပါးနေခြင်းသည်လည်း ရန်ကုန်၏ ယာဉ်ကြောကျပ်တည်းခြင်းကို ပိုမိုဖြစ်ပေါ်စေခဲ့သည်။

သို့သော် လုပ်ငန်းရှင်များအနေနှင့်လည်း စားသုံးသူတို့အကြိုက်ဖြစ်သည့် ရန်ကုန်ကားလိုင်စင်ရမှသာ အရောင်းအဝယ်ကောင်းမွန်နိုင်သည့် အခြေအနေကို ရောက်မည်ဖြစ်သည့်အတွက် ထိုလိုင်စင်ကို မျှော်လင့်နေကြဆဲဖြစ်သည်။

“ဒီလိုင်စင်ပြန်ရလာမယ်ဆိုရင်တော့ ကားအရောင်းအဝယ်ပြန်သွက်လာနိုင်တယ်”ဟု ဦးရန်မျိုးအောင်က ဈေးကွက်ကို သုံးသပ်ပြောဆိုသည်။

လက်ရှိ ကားအရောင်းအဝယ်အေးစက်နေသည်မှာ နှစ်နဲ့ချီ၍ ကြာမြင့်နေပြီဖြစ်ပြီး ထို့ကြောင့် ပိတ်လိုက်ရသည့် ကားအရောင်းစင်တာများမှာလည်း အလွန်များပြားနေပြီဖြစ်ကြောင်း ဦးရန်မျိုးအောင်ကဲ့သို့ ကားလုပ်ငန်းရှင်များက ဆိုသည်။

ဧပြီ လာမည်ဟု ဆိုသည်။ ထို့နောက် ဇွန်သို့ ပြောင်းသွားပြန်သည်။ 

ထို့ကြောင့် ကားလုပ်ငန်းရှင်တို့အနေနှင့် မျှော်ကားမျှော်နေသည်။ ရန်ကုန် ကားလိုင်စင်သည်ကား ပေါ်မလာ...။

ဟိန်းမြတ်စိုး



FOLLOW US