News

POST TAGGED AS

မော်လမြိုင်

ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် ဩဂုတ် ၁၆ ရက်တွင် ပြန်ပြေးမည်
ရန်ကုန်၊ ဩဂုတ် ၁၃ 

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ရေကျော်၍ လမ်းပိုင်းနှင့် တံတားပျက်စီးမှုကြောင့် ၁၈ ရက်ကျော် ရပ်နားထားသော ရထားခရီးစဉ်များ ဩဂုတ်လ ၁၆ ရက်တွင် ပြန်လည်ပြေးဆွဲရန် လျာထားကြောင်း မြန်မာ့မီးရထား၊ သတင်းပြန်ကြားရေးဌာန၊ တွဲဖက်ဒုကြီးကြပ်ရေးမှူး ဦးထိန်ဝင်းက ပြောကြားသည်။

“အမြန်ဆုံးလမ်း ပြန်ဖွင့်နိုင်အောင် ရထားအင်ဂျင်နီယာတွေ၊ တာဝန်ရှိသူတွေ အချိန်ပြည့် ပြုပြင်ရေးလုပ်ငန်းကို ဆောင်ရွက်နေတာပါ။ အခု ကျွန်တော်တို့ ဩဂုတ်လ ၁၆ ရက်မှာ လမ်းပြန်ဖွင့်နိုင်ပြီလို့ ခန့်မှန်းထားပါတယ်။ ရန်ကုန်-မော်လမြိုင်ကြား ပြေးတဲ့ရထားတွေ ပြန်ပြေးနိုင်တော့မှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါလမ်းပိုင်းတစ်လျှောက် လမ်းပိုင်းပြုပြင်မှုမှာ ပြီးစီးခဲ့ပြီး နှင်းပုလဲနှင့် ဒုံဝန်းဘူတာကြား၊ မိုင်တိုင်အမှတ် (၁၂၀/၅-၆) ကြား၊ တံတားအမှတ်-၇၄၊ ရေဒေါက်တိုင်အုတ်ခုံအမှတ်-၄ ရေစီးဖြင့် ပါသွားခြင်းကို အစားထိုးလဲလှယ်ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ခံအင်ဂျင်နီယာ ဦးမျိုးဇော်ထူးက ပြောကြားသည်။

“ဒေါက်တိုင် ၄ က ရေစီးမျောပါ သွားသလို ဒေါက်တိုင်အမှတ် ၃ ကလည်း ရေတိုက်စားသွားတဲ့အတွက် အုတ်ခုံတွေကို အရင်ပြုပြင်ရတာဖြစ်လို့ အချိန်ယူပြုပြင်နေရတာပါ။ ပေ ၂၄၀ ရှည်တဲ့ ဒီတံတားကို အမြန်ဆုံးပြီးစီးအောင် လုပ်ငန်းတာဝန်ခံ ဝန်ထမ်း ၅၂ ဦးက ပြုပြင်ရေးလုပ်ငန်းကို ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ဇူလိုင်လ ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သံလမ်းရေကျော်ခဲ့ခြင်းဖြစ်ပြီး အလျားပေ ၃၀၀၀ ခန့် လမ်းပိုင်း ဆိုးဆိုးရွာရွာပျက်စီးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် အစုန်၊ အဆန်ရထား သုံးစင်းဖြစ်သော ၃၅ အဆန်၊ ၃၆ အစုန်၊ ၈၉ အဆန်၊ ၉၀ အစုန်၊ ၁၇၅ အဆန်၊ ၁၇၆ အစုန်ရထားများဖြင့် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇ (သွားလာပို့ဆောင်ရေးဌာန) ထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်က ရန်ကုန်-မော်လမြိုင်လမ်းပိုင်ကြား ယာယီရပ်နားထားသော်လည်း မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်း ပြန်ဖွင့်၍ အမှတ် ၁၇၁ အဆန်၊ ၁၇၂ အစုန်၊ ၁၇၅ အဆန်၊ ၁၇၆ အစုန်၊ ရထားများကို ပုံမှန်အချိန်စာရင်းအတိုင်း ပြန်လည်ပြေးဆွဲလျက်ရှိသည်။

J-06



FOLLOW US