News

POST TAGGED AS

မော်လမြိုင်

08-Aug-2018

ရထား မြို့ပတ်
မြို့ပတ်ရထားလမ်းပိုင်းတွင် ဂျပန်ရထား ၁၁စီးဖြင့် ပြောင်းလဲပြေးဆွဲမည်
ရန်ကုန်၊ ဩဂုတ် ၈

ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမှုအနေနှင့် လက်ရှိတွင် စီးရေကိုးစီးဖြင့် နေ့စဉ် ပြေးဆွဲနေရာမှ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းပြီးပါက အဆိုပါရထားများအစား ဂျပန်ရထား ၁၁ စီးဖြင့် အစားထိုး ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ စီမံကိန်း ပရောဂျက်ဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။

“မြို့ပတ်ရထားလမ်းပိုင်းမှာ အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ လုပ်နေတယ်။ ဒီလမ်းပိုင်းမှာ ဂျပန်ရထားတွေနဲ့ ပြေးဆွဲမှာဖြစ်တယ်။ သက်သောင့်သက်သာနဲ့ စီးနိုင်ဖို့၊ ကြာချိန်လျှော့ချနိုင်ဖို့ အဓိက ဆောင်ရွက်တာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ မြို့ပတ်ရထားလမ်းပိုင်းတွင် ထည့်သွင်းပြေးဆွဲနိုင်မည့် ဂျပန်နိုင်ငံထုတ် ဒီဇယ်လျှပ်စစ်ရထား RBE အမျိုးအစား ဝယ်ယူခြင်းတွင် ရထား ၁၁ စီးစာအတွက် ၆၆ တွဲကို JICA ချေးငွေ အမေရိကန်ဒေါ်လာ၂၀၆ ဒသမ ၅၃ သန်းဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ရထားတစ်စီးကို ခြောက်တွဲနှုန်းနဲ့ ချိတ်ဆက်ပြေးဆွဲမှာဖြစ်တယ်။ အဆင့်မြှင့်တင်တယ်ဆိုတာ ဂျပန်ရထားတွေ ဝင်လာရင် အဆင်သင့်ဖြစ်အောင် ဆောင်ရွက်တာလည်းပါတယ်”ဟု ဦးဘမြင့်က ဆိုသည်။

ဂျပန်ရထားပြေးဆွဲမှုတွင် လက်ရှိ ပလက်ဖောင်းများနှင့် အံဝင်ခွင်ကျ မရှိကြောင်း၊ သို့သော် သံလမ်းများကို မူလ အကျယ်အတိုင်း ဆောင်ရွက်လျက်ရှိကာ သံလမ်းချဲ့စရာ မလိုအပ်ကြောင်း မြန်မာ့မီးရထား၊ သွားလာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုရှိတဲ့ ပလက်ဖောင်းက နိမ့်နေတယ်။ ဂျပန် RBE က မြှင့်နေတယ်။ အတက် အဆင်း အဆင်မပြေဘူး။ အဲဒါကြောင့် နိမ့်နေတာကို ပြန်မြှင့်တင်နေတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ မြို့ပတ်ရထားလမ်းပိုင်းသည် မိုင်ပေါင်း ၂၉ မိုင်ခွဲရှိပြီး ရထားတစ်ပတ် ပြေးဆွဲကြာချိန်မှာ ၂ နာရီ၊ မိနစ် ၅၀ ကြာမြင့်ကာ ဂျပန်ရထားဖြင့် ပြေးဆွဲပါက ပြေးဆွဲကြာချိန် တစ်နာရီလျော့ကျနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအနေနှင့် ရထားအနောက်ခြမ်းကို ကနဦးအဆင့်မြှင့်တင်ရာ လမ်းအပိုင်းလိုက် အတော်အသင့်ပြီးစီးနေပြီဖြစ်ပြီး စက်တင်ဘာလတွင် မြို့ပတ် ရထားလမ်းအရှေ့ခြမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းပရောဂျက်ဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။

“လုပ်ငန်းစလုပ်လုပ်ချင်းမှာ ဂျပန် စစ်ဆေးရေးအဖွဲ့ စိတ်တိုင်းမကျမချင်း ပြန်ပြန်လုပ်ခိုင်းတယ်။ ဂျပန်ပညာရှင်တွေက သံလမ်း၏ အရည်အသွေးပိုင်းကို စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စိတ်တိုင်းကျ စစ်ဆေးတယ်။ လိုတာတွေ ဖြည့်ခိုင်းတယ်။ အဲဒါကြောင့် စလုပ်တဲ့အချိန်မှာ အချိန်ကြာခဲ့တာပါ။ အခုတော့ အဆင့်လိုက် ဆောင်ရွက်နေပါပြီ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရထားအရှေ့ခြမ်းကိုဖွင့်၍ အသွားအပြန် ပြေးဆွဲနေပြီး အနောက်ခြမ်းလမ်းပိုင်း အဆင့်မြှင့်တင်မှုပြီးပါက တစ်ဖက်ပြန်ဖွင့်၍ တစ်ဖက်ပိတ်ခြင်းကို အောက်တိုဘာလလောက်တွင် စတင်မည်ဖြစ်ကာ ရထားပြေးဆွဲမှုတွင် သွားလာရေး အခက်အခဲမရှိစေရန် ကြိုတင်စိစစ်နေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06



FOLLOW US