News

POST TAGGED AS

မော်လမြိုင်

မော်လမြိုင်-ရန်ကုန်လမ်းပေါ် ပိတ်မိနေသူများကို ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ပို့ဆောင်


မော်လမြိုင်၊ ဇူလိုင် ၂၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေကြီးမှုကြောင့် မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းမတွင် ပိတ်မိနေသည့် ခရီးသည်များကို ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ကယ်ဆယ်ရေးလှေများဖြင့် သယ်ယူပို့ဆောင်ပေးနေကြောင်း မွန်ပြည်နယ်အစိုးရထံမှသိရသည်။ 

“ဝန်ကြီးချုပ်ကိုယ်တိုင် အနီးကပ် စီမံကြီးကြပ်ပေးနေတယ်၊ အဓိကတော့ အလယ်မှာ ပိတ်မိနေတဲ့ ဟိုဘက်လည်းသွားမရ ဒီဘက်ကိုလည်း ပြန်မရတဲ့ ကားတွေပေါ်က ခရီးသည်တွေကိုတော့ လှေတွေနဲ့ကူညီပြီး သယ်ပေးတယ်၊ မော်လမြိုင်ဘက်ကတော့ ပြည်နယ် ယထက (ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ) က မှန်လုံ ၅ စီးကို အခမဲ့ သယ်ပို့ပေးနေတယ်၊ အလောတကြီး သွားချင်တဲ့လူတွေကိုတော့ ဟိုဘက်ကို ပို့ပေးတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ကားလမ်းလယ်တွင် ပိတ်မိနေသူများမှလွဲ၍ ရန်ကုန်ဘက်ခြမ်းရှိ ကားများကို ရန်ကုန်ဘက်သို့ ပြန်လှည့်မောင်းနှင်ရန်နှင့် မော်လမြိုင်ဘက်ခြမ်းမှ ကားများကို မော်လမြိုင်ဘက်သို့သာ ပြန်လည်မောင်းနှင်ရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ၎င်းက ရှင်းပြသည်။ 

အဆိုပါလမ်းပိုင်းတွင် ကားသွားလာခွင့်ကို ဇူလိုင်လ ၂၈ ရက်မှစ၍ ၂ ရက်ကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“ရေမကျသေးတော့ လမ်းကတော့ ပိတ်ထားရတုန်းပဲ၊ ကားတွေကတော့ ကုန်ကားတွေများတယ်၊ မှန်လုံကားတွေကအတော့ အနည်းအကျဉ်းပဲ ရှိတော့တယ်၊ မှန်လုံတွေ ထပ်မထွက်တော့ သိပ်မများဘူး၊ ကားအသေးတွေတော့ ပိတ်မိနေတဲ့ ကားတွေပဲရှိတယ်၊ ဟိုဘက်ဒီဘက်ကတော့ ပြန်လှည့်တာတွေများတယ်”ဟု ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ပြောသည်။ 

ဇူလိုင်လ ၂၇ ရက်က ရန်ကုန်မှဆင်းလာသော ကားအစီး ၁၀၀ ကျော်ပိတ်မိနေပြီး မော်လမြိုင်ဘက်ခြမ်းတွင် ကားအစီး ၅၀ ခန့်ရှိကြောင်း၊ သို့သော် အိမ်စီးကားငယ်များမှာ လမ်းဖြတ်ကူးခွင့် ပိတ်ထားသည့်အတွက် လာရာလမ်းအတိုင်း ပြန်လှည့်သွားကြကြောင်း ရေကြီးသည့်နေရာသို့ သွားရောက်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ယင်းနေရာတွင် အခပေးကူးတို့လှေများက လမ်းတစ်ဖက်တစ်ချက်ကို ကူးပေးနေပြီး လူတစ်ဦးလျှင် ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းအထိ ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ 

“အခပေးပြီး လှေနဲ့ကူးပေးနေတဲ့ လူတွေလည်းရှိတယ်၊ ဒါပေမဲ့ အရမ်းအန္တရာယ်များတယ်၊ ရေပြင်က အကျယ်ကြီး လှေနဲ့ကူးရင် လှေပျက်လို့ ကျွန်တော်တို့ လူ ၂ ဦးကို ကယ်လိုက်နိုင်ခဲ့တယ်၊ အဲဒီညနေမှာတော့ ဝန်ကြီးချုပ်က လှေတွေကိုဆက်ပြီး မကူးဖို့ တားလိုက်တယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

လက်ရှိ ကယ်ဆယ်ရေးအဖွဲ့မှ လှေများနှင့် တပ်မတော်က လာရောက်ကူညီပေးနေသည့် ကယ်ဆယ်ရေးလှေများကိုသာ သွားလာခွင့်ပြုကြောင်း၊ ခရီးသွားပြည်သူများ အဆင်ပြေစေရန် Myanmar National Airline မှ မော်လမြိုင်-ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း ခေါက်တိုခရီးစဉ်ကိုလည်း ခေါက်ရေ တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးထွန်းဌေးက ပြောသည်။

R-21




FOLLOW US