News

POST TAGGED AS

မော်လမြိုင်

ဘီးလင်းတွင်ရေကြီး၊ လူ ၈၀၀ ကျော် ပြောင်းရွှေ့
မော်လမြိုင်၊ ဇူလိုင် ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နံနက်က ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာအနီးသို့ ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျေးရွာ ၂ ရွာတို့တွင် ရေဝင်ရောက်သဖြင့် ရေဘေးသင့်သူ ၈၀၀ ကျော်ကို ပြောင်းရွှေ့ထားရကြောင်း ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကပြောသည်။ 

ဇူလိုင်လ ၂၂ ရက်က မိုးရွာသွန်းမှုများခြင်းကြောင့် ဘီးလင်းမြစ်ရေသည် ၁၀၀၇ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး မြစ်ဘေးရှိ ကန်သာယာရပ်ကွက်၊ ဘိုးရာဇာရပ်ကွက်၊ ရန်ပြေကျေးရွာ၊ မဲလံဂေါ ကျေးရွာတို့တွင် ရေဝင်သဖြင့် အိမ်ခြေ ၁၃၀ ကျော်မှ နေထိုင်သူများကို ရေကင်းလွတ်ရာ အမြင့်ပိုင်းသို့ ပြောင်းရွှေ့ထားရကြောင်း ၎င်းကရှင်းပြသည်။ 

“မြစ်ကမ်းဘေးမှာ နေတဲ့လူတွေကို ညကတည်းက ရွှေ့ထားတယ်၊ မြို့ပေါ်မှာတော့ တစညရုံးရှိမယ်၊ လေသာဘုန်းကြီးကျောင်းတွေမှာရွှေ့ထားတယ်၊ ကျေးရွာတွေကတော့ ကျေးရွာရဲ့ အမြင့်ပိုင်းတွေကို ပြောင်းရွှေ့ထားခိုင်းပါတယ်” ဟု ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။

လတ်တလောတွင် ရေဘေးသင့်သူများကို ဆန်နှင့် ရေသန့်များ ထောက်ပံ့ထားကြောင်း ဘီးလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ထံမှ သိရသည်။

ဘီးလင်းမြစ်ဘေးတွင် ကျေးရွာ အုပ်စု ၁၅ အုပ်စုရှိပြီး မြစ်ကမ်းဘေးသို့ တိုးချဲ့ထားသော ကျေးရွာများမှ ဒေသခံများကို ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့ထားရန် သတိပေးထားကြောင်း၊ ယင်းအပြင် မော်လမြိုင်-ရန်ကုန်လမ်းကို သွားလာရေးခက်ခဲမှုမရှိစေရန် စီမံထားကြောင်း ၎င်းထံမှ သိရသည်။ 

မွန်ပြည်နယ် ဘီးလင်းမြို့သည် နှစ်စဉ်ရေကြီးမှုကြောင့် ရေကျဆင်းမှု မြန်ဆန်စေရန် ၂၀၁၇ ခုနှစ်တွင် ချောင်းများ၊ မြောင်းများကို လွှတ်တော်ကိုယ် စားလှယ်နှင့် ဒေသခံများ ပူးပေါင်း၍ ပြန်လည်တူးဖော်ဆောင်ရွက်ထားကြောင်း၊ ယခုနှစ်တွင် တောင်ကျရေကြောင့် အိမ်များတွင် ရေများဝင်ရောက်သော်လည်း မိုးစဲပါက ခဏအတွင်း ပြန်ကျသွားကြောင်း ၎င်းထံမှသိရသည်။ 

မွန်ပြည်နယ်တွင် ဇွန်လ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ် ၇ မြို့နယ်တွင် ရေကြီးရေလျှံခဲ့သော်လည်း ဘီးလင်းမြို့တွင် ရေကြီးမှုမဖြစ်ခဲ့ကြောင်း၊ တောင်ကျရေနှင့် မြစ်ရေကြောင့် ဘီးလင်းမြို့တွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ရေကြီးနေခြင်းဖြစ်သည်။

R-21



FOLLOW US