POST TAGGED AS

မော်လမြိုင်

ဧရာဝတီတိုင်းရှိ ဆောက်လုပ်ဆဲ ဆေးရုံများကို နေ့စဉ်စစ်ဆေးရန် တိုင်းအစိုးရ ညွှန်ကြား
ပုသိမ်၊ မေ ၂၃

ဧရာဝတီတိုင်းရှိ ဆောက်လုပ်ဆဲ ဆေးရုံများကို နေ့စဉ် စောင့်ကြပ်စစ်ဆေးရန်အတွက် ဆေးရုံဆောက်လုပ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီများကို မေလတတိယပတ်က ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မေလ ၂၂ ရက်က ပြောသည်။ 

ဆောက်လုပ်သည့် ကုမ္ပဏီများအနေနှင့် အစိုးရနှင့် သဘောတူထားသော ကတိကဝတ်တွင်ပါသော အရည်အသွေး စံချိန်စံညွှန်းနှင့် ပြည့်မီသောဆေးရုံများ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ယခုကဲ့သို့ ညွှန်ကြားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

တိုင်း၊ ခရိုင်၊ မြို့နယ်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပညာ ကျွမ်းကျင်သူများ၊ ဒေသခံယုံကြည်ရသူများဖြင့် ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးအဖွဲ့များနှင့် တိုင်းအစိုးရ၏ အဆောက်အအုံ တည်ဆောက်ရေး ကော်မတီတို့က ကြီးကြပ်ကာ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက အနီးကပ်စောင့်ကြည့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“Drawing အတိုင်း မဆောက်တာနဲ့ စိစစ်တာမှာ အရည်အသွေး မမီတာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လိုက်နာမှုမရှိလို့ တိုင်းဒေသကြီးအတွင်းမှာ ဆေးရုံ ၃ ရုံ ရပ်ထားရတာရှိတယ်။ ကျန်တဲ့ တည်ဆောက်နေဆဲ ဆေးရုံတွေကိုလည်း နေ့တိုင်းသွားကြီးကြပ်ဖို့ ပြောထားတယ်။ ပစ္စည်းပုံရင်လည်း အရည်အသွေး မီမမီကို လွှတ်တော်ကိုယ်စားလှယ်များကလည်း မျက်ခြည်မပြတ်စောင့်နေမယ်”ဟု ၎င်းက ပြောသည်။ 

ကတိကဝတ်တွင်ပါသော စံချိန်စံညွှန်းအတိုင်း မလုပ်ကိုင်သော ကုမ္ပဏီများကို ပြန်တည်ဆောက်ခိုင်းခြင်းအပြင် အမည်ပျက်စာရင်း တည်သွင်းခြင်း၊ အမည်ပျက်စာရင်း တင်သွင်းခံရသူများ နောက်ထပ်အမည် တစ်မျိုးဖြင့် ကုမ္ပဏီသစ်ဖွဲ့က မလုပ်ကိုင်စေရန် တည်ဆောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲဆောင်ရွက်သင့်ကြောင်း တရားလွှတ်တော် ရှေ့နေဦးသန်းဝင်းက အကြံပြုသည်။ 

ဧရာဝတီတိုင်းတွင် တည်ဆောက်နေဆဲဖြစ်သော ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ အင်းမတိုက်နယ်ပြည်သူ့ဆေးရုံ၊ ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံတို့ကို စံချိန်စံညွှန်း အရည်အသွေး မပြည့်မီသဖြင့် မေလအစောပိုင်းက တည်ဆောက်မှုရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာမှ သိရသည်။  

R-12



FOLLOW US