News

POST TAGGED AS

မော်လမြိုင်

သွေးနီးဖို့သင့်တဲ့ အရေးကြီးနေတဲ့အချိန်
ရခိုင်မြောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဒေသတွင်းပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားအရပ်ကို ထွက်ပြေးခိုလှုံသွားတဲ့ ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး ယခုရက်ပိုင်း အနောက်အုပ်စုအတွင်းမှာ လှုပ်ရှားမှုတွေ ပိုမိုဆောင်ရွက်လာနေခဲ့တာ သတင်းတွေမှာ မြင်ရပါတယ်။ ပထမတစ်ခုကတော့ ဒီအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ဖိအားတွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ မေလ ၅ ရက်နေ့မှ နှစ်ရက်ကြာကျင်းပခဲ့တဲ့ OIC ခေါ် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံကျင်းပခဲ့တဲ့ ကိစ္စပါ။ ဒီညီလာခံကိုတော့ OIC အဖွဲ့ဝင် ၅၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီအစည်းအဝေးကနေ ဘင်္ဂါလီမွတ်ဆလင်များအပေါ် ဖိနှိပ်ရက်စက်မှုနှင့်ပတ်သက်ပြီး လူမျိုးသုတ်သင်မှု အဆင့်ထိ ရောက်ရှိနေကြောင်း၊ ထိုလုပ်ရပ်များဟာ နိုင်ငံတကာဥပဒေအား ဗြောင်ကျကျ ချိုးဖောက်လျက်ရှိကြောင်း၊ ဒီအကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ကိုဖီအာနန်အကြံပြုချက်များအတိုင်း မြန်မာအစိုးရအနေနဲ့ အပြည့်အဝအကောင်အထည်ဖော်ဖို့လိုကြောင်း၊ သို့အတွက် နိုင်ငံတကာအကူအညီရယူရန် ဆုံးဖြတ်ကြကြောင်း ဘင်္ဂလားအခြေစိုက် The Daily Star သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဒီအစည်းအဝေးကနေ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဒီပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အနောက်အုပ်စုနိုင်ငံများအတွင်း ဦးစားပေးပြောဆိုလာခြင်းနှင့် နိုင်ငံတကာအဆင့်အထိရောက်အောင် လမ်းကြောင်းဖော်အား ပေးနိုင်ခဲ့ကြခြင်းအတွက် OIC နိုင်ငံများအနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြကြောင်း ဖော်ပြထားခဲ့သည်ကို တွေ့ရသည်။

ဒီအစည်းအဝေးအကြောင်း ဆက်ပြီးပြောရရင် UAE အာရပ် နိုင်ငံခြားရေးဝန်ကြီး  (Anwar Gargash)အန်ဝါ ဂါးဂက်ရှ်က ဘာပြောခဲ့သလဲဆိုတော့ “ရိုဟင်ဂျာပြဿနာဟာ အစ္စလာမ်ဘာသာအရရော လူသားချင်းစာနာမှုအရပါ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ မိမိတို့ကို စိန်ခေါ်နေတယ်လို့” လို့ ဆိုခဲ့သလို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက “OIC နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့” ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟာဆန်မာမွတ်အလီက အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိကြောင်း ပြသကြဖို့ တိုက်တွန်းသွားခဲ့တဲ့အပြင် ရိုဟင်ဂျာ (သူတို့အခေါ်) ဒုက္ခသည် ပြဿနာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ကမ္ဘာကဖိအားပေးရေး ဆော်ဩစည်းရုံးမယ့် လှုပ်ရှားမှုကော်မတီတစ်ရပ်ကို အစ္စလာမ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မေလ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

ဒီအစည်းအဝေးကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီကို မြန်မာနိုင်ငံက မွတ်ဆလင် ရိုဟင်ဂျာ ၇ သိန်းလောက် ထွက်ပြေးလာရတဲ့ အကြောင်းရင်းကို အဆုံးသတ်ရေး ရှေးရှုဆောင်ရွက်ကြဖို့လည်း OIC အတွင်းရေးမှူးချုပ် Yousef bin Ahmed Al-Othaimeen က တိုက်တွန်းခဲ့တယ်လို့ နိုင်ငံခြားသတင်းဌာနတစ်ခုက ကြေညာခဲ့တာ ကြားသိကြပြီးဖြစ်မှာပါ။ ဒီကော်မတီအနေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ပံ့ပိုးမှုနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောခဲ့တာကိုလည်း သတိထားမိခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မီးလောင်ရာလေပင့်ဆိုသလို အမေရိကန်သမ္မတထရမ့်ကလည်း “ရိုဟင်ဂျာတွေ သူတို့ဆန္ဒအလျောက် မူလဒေသကို လုံခြုံစိတ်ချစွာ ပြန်လည်အခြေချနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေကို မြန်မာအစိုးရက ဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရအနေနဲ့ ဆက်လက်ပြောဆိုမယ်”လို့ ရေးသားထားတဲ့ စာတစ်စောင်ကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာထံပေးပို့ခဲ့ပြီး ဒီပဋိပက္ခတွေကို ကူညီဖြေရှင်းပေးမယ်လို့ သူက ထပ်မံကတိပေးခဲ့ပြန်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူရမှာဖြစ်တယ်လို့လည်း သမ္မတထရမ့်ရဲ့စာမှာ ပါရှိတယ်လို့ ဆိုပါတယ်။

အပေါ်ကတင်ပြခဲ့တဲ့အချက်တွေကို လေ့လာလိုက်ရင် OIC နိုင်ငံများနဲ့ အနောက်အုပ်စုအနေနဲ့ ဒီရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည် အရေးပြဿနာကို ယခုရက်ပိုင်းကာလမှာ တစိုက်မတ်မတ်ဖိအားပေးဖို့ စိုင်းပြင်းလာနေတာကို ထင်ထင်ရှားရှား မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ယနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ သူတို့လိုချင်မျှော်မှန်းခဲ့တဲ့ အစီအစဉ်တွေအတိုင်းဖြစ်လာနေကြောင်း ပထမဦးဆုံးအနေနဲ့ စီစဉ်ခဲ့တဲ့အတိုင်း ARSA အဖွဲ့ဟာ မြန်မာအစိုးရလုံခြုံရေးစခန်းများကို ဝင်တိုက်ခဲ့ပြီးသည့်နောက်ပိုင်းတွင် ဒုက္ခသည်အရေးဖြစ်လာကြောင်း၊ ထိုအခါ ကမ္ဘာက အာရုံကျစိတ်ဝင်စားလာပြီး ငွေကြေးအထောက်အပံ့မျိုးစုံပေးခဲ့ကြကြောင်း၊ ဒီအပေါ် အနောက်အုပ်စုမီဒီယာမျိုးစုံအနေနဲ့လည်း ကူညီခဲ့ကြကြောင်း၊ ဒီအတွက် ဒီအပေါ်မူတည်ပြီး အမေရိကန်နဲ့ အနောက်နိုင်ငံများကနေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတိုးပြီး မြန်မာကိုဖိအားမျိုးစုံပေးခဲ့ကြကြောင်းတွေကို ပေါ်ပေါ်ထင်ထင် အာရှက နာမည်ကြီးသတင်းမီဒီယာဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေဆိုသွားခဲ့တာ ကြားလိုက်မိပါသေးတယ်။

ဒီအပေါ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အနေနဲ့လည်း UN အစည်းအဝေးမှာရော အခြားခရီးစဉ်တွေမှာပါ ဒီကိစ္စကိုအကူအညီပေးဖို့နဲ့ နိုင်ငံတော်တော်များများ မြန်မာအစိုးရကို ဖိအားပေးဖို့ တိုက်တွန်းခဲ့တာ၊ အခုလက်ရှိအခြေအနေမှာတောင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ပံ့ကူညီမယ်လို့ ကတိပေးနေတာ၊ ဒီအရေးကို အခုနောက်ဆုံး OIC နိုင်ငံတွေပဲ သီးခြားအစည်းအဝေးထိုင်ပြီး အထက်မှာတင်ပြခဲ့သလို ဆုံးဖြတ်ချက်တွေချမှတ်၊ ကြေညာချက်တွေထုတ်ပြန်ပြီး ပစ်မှတ်ထားလာနေတာတွေကို အားလုံးလည်းသိပြီးကြပြီးဖြစ်မှာပါ။ ဒီအတွက် ဒီအချိန်ဟာ နိုင်ငံအတွက် အတော်ကိုအရေးကြီးလာနေတဲ့အချိန်လို့ ပြောလို့ရနိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံအတွင်းမှာတော့ နောက်ဆုံးသတင်းတွေအရ အစိုးရအနေနဲ့ကလည်း ကိုဖီအာနန်အစီရင်ခံစာထဲက အချို့အချက်တွေကိုတော့ သူတို့တောင်းဆိုတဲ့အတိုင်း အကောင်အထည်ဖော်ပေးမယ်၊ တပ်မတော်အနေနဲ့ကလည်း နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်မှုအောက်ကနေ ဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်ခဲ့တယ်လို့ ပြန်လည်ချေပပြီး ကိုယ့်အလုပ်ကို ကိုယ်ပုံမှန်လုပ်နေကြတဲ့အချိန်လို့ပဲ မြင်မိပါတယ်။ အခြားတစ်ဖက်က ပြည်တွင်းပြည်ပက လော်ဘီတွေအနေနဲ့လည်း ဒီလိုအရေးကြီးနေတဲ့အချိန်မှာတောင် ဒီကိစ္စဟာ အစိုးရနဲ့မဆိုင်ဘူး၊ တပ်မတော်နဲ့သာဆိုင်တယ်၊ တစ်ဖက်ကလည်း ဒါတပ်မတော်နဲ့မဆိုင်ဘူး၊ ကိုဖီအာနန် ကော်မရှင်ဖွဲ့စည်းခဲ့ခြင်းရဲ့ အကျိုးဆက်တွေကြောင့်သာဖြစ်တယ်လို့ ဆိုတဲ့ သွေးကွဲစကားတွေနဲ့ အပြန်ပြန်အလှန်လှန်အပြစ်တင်ရင်း အပြစ်တင်သွေးကွဲနေကြတုန်းဆိုတာလည်း လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွေအထက်မှာ မြင်ကြရမယ်ထင်ပါတယ်။

တစ်ဖက်က အနောက်အုပ်စုနိုင်ငံတွေအပါ နိုင်ငံပေါင်း ၅၇ နိုင်ငံက အကူအညီအထောက်အပံ့အားတွေနဲ့ နောက်ဘာသာရေးအရ စည်းလုံးညီညွှတ်မှုတွေနဲ့ ကမ္ဘာအနှံ့ပတ်သွားပြီး စည်းရုံးပြောဆိုပြီး မြန်မာကို ဖိအားတွေ ပိုမိုမြှင့်တင်ပြီး အရေးယူကြဖို့လုပ်နေချိန်မှာ ကျွန်တော်တို့ဆီမှာတော့ ကိုယ့်နိုင်ငံသားအချင်းချင်းကို ချောက်တွန်းနေတာ၊ သွေးထိုးနေကြတာ၊ သွေးကွဲနေကြတာ မြင်ရတာ စိတ်ပျက်စရာအတော်ကောင်းလှပါတယ်။

ဒီရက်ပိုင်းမှာ ဒီလိုစိတ်မချမ်းမြေ့စရာ ဖြစ်ရပ်သတင်းတွေအပြင် အခြားတစ်ဖက်မှာလည်း ကိုယ့်နိုင်ငံသားအချင်းချင်း မညီမညွှတ်နဲ့ သူ့ ကြောင့်ငါ့ကြောင့်ဆိုတဲ့ အပြန်ပြန်အလှန်လှန် စွပ်စွဲချက်တွေနဲ့ ရေးသားပြောဆိုနေကြတာ၊ ဆန္ဒထုတ်ဖော်နေကြတာ မြင်ရပါသေးတယ်။ ဒီကိစ္စတွေဟာ အမှန်တော့ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ကိုယ့်ပြည်တွင်းကနေ မညီမညွတ်နဲ့ အချင်းချင်းတွေ ပြန်လည်ဖိအားပေးနေကြတဲ့ပုံစံတွေလည်း ဖြစ်နေတာပါ။ ဒါတွေကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနားမှအစပြုခဲ့တဲ့ ကချင်ပြည်နယ် တိုက်ပွဲဖြစ်ရာဒေသများမှ ပိတ်မိခံပြည်သူများ ကယ်ထုတ်ရေးအတွက် ဆန္ဒပြပွဲများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့ကြီးများအထိ ကူးစက်ပြီး ယနေ့ထက်တိုင်ပြုလုပ်နေကြတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ လူ့ဘောင်သစ်လူငယ်နဲ့ ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားများက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး မေလ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်၊ လမ်းမတော်မြို့နယ်၊ မော်တင်မှစတင်ပြီး ဆူးလေဘုရား၊ ဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။ လမ်းတစ်လျှောက်မှာ ရဲတပ်ဖွဲ့က တားမြစ်မှုများရှိခဲ့သော်လည်း အဆိုပါအဖွဲ့က ဗီနိုင်းပိုစတာများနဲ့ လမ်းလျှောက်ချီတက်ခဲ့ကြတာကို သတင်းတွေမှာ မြင်ကြပြီးဖြစ်မှာပါ။ ဒီအဖွဲ့ကိုတော့ ရဲတပ်ဖွဲ့က ခွင့်ပြုချက်မရဘဲ လမ်းလျှောက်ချီတက်ပွဲပြုလုပ်ခဲ့မှုနဲ့ တရားစွဲဆိုထားတာကိုလည်း မြင်ခဲ့ရပါသေးတယ်။

နောက်တစ်ခုကတော့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေစည်းခုံ စေတီတော်မှာ မေလ ၆ ရက် ည ၇ နာရီအချိန်က မြန်မာပြည်ငြိမ်းချမ်းစေဖို့၊ စစ်ပွဲတွေရပ်ဖို့နဲ့ စစ်မက်ကြားမှ ပြည်သူများ လွတ်မြောက်စေဖို့အတွက် မုံရွာခရိုင် ဗကသကျောင်းသားတွေက မီးထွန်းဆုတောင်းပွဲ ဦးဆောင်ပြု လုပ်ခဲ့ကြတဲ့သတင်းပါ။ ဒီပွဲကိုတော့ အရပ်ဘက်အဖွဲ့အစည်းများနဲ့ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ မေလ ၆ ရက်ကနေ မေလ ၉ ရက်အထိ ည ၇ နာရီအချိန်တိုင်း ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းတွေမှာ ဖတ်ရပါတယ်။ ဒါ့အပြင် ဒီရက်တစ်ရက်တည်းမှာပဲ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ စစ်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံး ကယ်ထုတ်ပေးဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင်နေတဲ့ တပ်မတော်ရဲ့ ထိုးစစ်တွေကို ရပ်တန့်ပေးဖို့ တောင်းဆိုလှုပ်ရှားမှုတစ်ခုကို မန္တလေးမှာ ပြုလုပ်ခဲ့ကြသလို နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာတော့ အခြားခေါင်းစဉ်မတူတဲ့ ဆန္ဒထုတ်ဖော်ပွဲတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကတော့ အပေါ်ကဆိုခဲ့တဲ့ ဒုက္ခသည်အရေးနဲ့ပတ်သက်တဲ့ကိစ္စပါ။ ဒီပွဲကိုတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ဒေါ်ဝင်းဝင်းသီ ဦးဆောင်ခဲ့ပြီး နိုင်ငံသားစိစစ်မှုသက်သေခံကတ် (NVC) ကတ် ကိုင်ဆောင်သူများကိစ္စနှင့် စပ်လျဉ်းပြီး ထိုကတ်ကိုင်ဆောင်ထားသူများကို လွတ်လပ်စွာသွားလာခွင့် မပြုရန် မေလ ၇ ရက် မနက် ၉ နာရီမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီကိစ္စအပေါ် အခြားမြို့နယ်များမှာ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတွေ ထပ်မံပြုလုပ်သွားဦးမယ်လို့ ဆိုပါတယ်။

ဒီအတွက် အထက်ကဆိုခဲ့သမျှ သတင်းတွေအပေါ် နောက်ဆုံးအနေနဲ့ သုံးသပ်ကြည့်ရင် ယနေ့အခြေအနေဟာ ရခိုင်မြောက်ပိုင်း မောင်တောဒေသက ဒုက္ခသည်တွေအရေးကို အကြောင်းပြပြီး အမေရိကန်၊ အနောက်ဥရောပသမဂ္ဂနိုင်ငံများ ၂၆ နိုင်ငံ (EU) နဲ့ အစ္စလာမ္မစ်နိုင်ငံများ (OIC) ၅၇ နိုင်ငံ စတဲ့နိုင်ငံပေါင်း ၈၀ ကျော်အပြင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ပါပေါင်းပြီး အသံတစ်သံတည်းနဲ့ ဘင်္ဂါလီအရေးကို ထောက်ခံအားပေးပြီး ကိုယ့်နိုင်ငံကို ဖိအားပေးနေတဲ့အချိန်ပါ။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံတကာဥပဒေတွေကို ဖောက်ဖျက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပေါင်းပြီး လုံခြုံရေးကောင်စီအထိတက်ပြီး ဆွေးနွေးနေကြတာ၊ အဲ့ဒီအဖွဲ့ဝင်တွေကိုယ်တိုင် ယခင်ရက်ကလာပြီး အပေါ်စီးက ဆက်ဆံတာ၊ တောင်းဆိုသွားတာတွေအပြင် ယခု ရက်ပိုင်းလေးမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ OIC နိုင်ငံတွေပေါင်းပြီး အရေးပေါ်အစည်းအဝေးကြီးတစ်ခု လုပ်သွားပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာတွေဟာ ဒီအပေါ် အမေရိကန်သမ္မတကလည်း ထောက်ခံအားပေးခဲ့တာတွေဟာ အမှန်ဆိုရင် ကိုယ့်နိုင်ငံအတွက် ကောင်းလှတဲ့အချက်တွေတော့ မဟုတ်ပါဘူး။ ဒီအတွက် ဒီကိစ္စတွေအပေါ် ပြန်လည်တွန်းလှဲချေဖျက်ကြဖို့ဆိုရင် ကိုယ့်နိုင်ငံသားတွေက စည်းလုံးပြီး တစ်စိတ်တည်းတစ်ဝမ်းတည်း ရှိကြဖို့လိုနေပါပြီ။

အရေးကြီးရင် သွေးနီးရမယ်ဆိုတဲ့စကားနဲ့အညီ အခုအချိန်ဟာ ကိုယ့်နိုင်ငံသားအချင်းချင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေ အချင်းချင်း စည်းလုံးညီညွတ်ပြီး ပေါင်းစည်းနေကြရမယ့် အချိန်အခါတစ်ခုကို အမှန်ကျရောက်နေပြီဆိုတာလည်း ငြင်းမရနိုင်တဲ့အချက်ပါ။ ဒီအတွက် မတူညီမှုတွေကို ဒီအချိန်မှာ ခဏဘေးဖယ်မေ့ထားပြီး တူညီတဲ့ဆန္ဒတစ်ခုကိုသာ ရှေ့တန်းတင်ပြီး အားလုံးပေါင်းစည်းပြီး ပြည်ပရန်ကို တွန်းလှန်ကြပါစို့လို့ စိတ်ကောင်းစေတနာနဲ့ ရေးသားတင်ပြလိုက်ရပါတယ်။ နိုင်ငံ့ခေါင်းဆောင် များလည်း စည်းလုံးညီညာကြပါစေ။

အောင်ဇေယျ



FOLLOW US