News

POST TAGGED AS

မော်လမြိုင်

မန္တလေးကျုံးပတ်လည်တွင် စတီးလက်ရန်းများ အစားထိုးရန်ပြင်ဆင်


မန္တလေး၊ ဖေဖော်ဝါရီ ၁၅

မန္တလေးကျုံးပတ်လည်၌ လက်ရှိ တပ်ဆင်ထားသော လက်ရန်းများနေရာတွင် CNC (Computer Numerical Control) နည်းပညာသုံး စတီးပိုက်များဖြင့် အစားထိုးလဲလှယ်နိုင်ရန် မြို့တော်စည်ပင်သာယာရေးကော်မတီက ပြင်ဆင်နေပြီဖြစ်သည်။ 

“အခု လုပ်ငန်းစနေပါပြီ။ ပလက်ဖောင်းရယ်၊ လက်ရန်းရယ်ပေါ့နော်။ လက်ရန်းကိုတော့ စတီးလက်ရန်းတွေ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ စတီးလက်ရန်းမှာ မြို့ရိုးနဲ့နန်းတော်ရဲ့ မြင်ကွင်းနဲ့ လိုက်ဖက်ညီမယ့် အရောင်မှိန်တဲ့ အရောင်တပ်မှာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

မန်းသီတာဥယျာဉ် ပြန်လည်တည်ဆောက်ရေးအတွက် ရရှိထားသည့် ရန်ပုံငွေနှင့် စည်ပင်သာယာရေးကော်မတီ၏ ပိုလျှံရန်ပုံငွေတို့မှနေ၍ ကျုံးပတ်လည် သာယာလှပရေးနှင့် လက်ရန်းများ ပြုပြင်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်မကုန်မီ အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကျုံးပတ်လည်တွင်တပ်ဆင်မည့် CNC (Computer Numerical Control) နည်းပညာသုံးစတီးပိုက်များကို တရုတ်နိုင်ငံမှ မှာယူရမည်ဖြစ်ရာ လက်ရှိတွင် တရုတ်နှစ်သစ်ကူးကာလ ဖြစ်နေသည့်အတွက် မည်သည့်ဒီဇိုင်းပုံစံဖြင့် ရရှိမည်ကို မပြောနိုင်သေးကြောင်း ဦးကျော်ဆန်းမြင့်က ရှင်းပြသည်။

လူသွားလူလာအများဆုံးဖြစ်သည့် ကျုံးတောင်ဘက်ခြမ်း (၂၆ လမ်း) ကို ပထမဦးစားပေး လဲလှယ်မည်ဖြစ်ပြီး ရန်ပုံငွေပေါ်မူတည်ကာ ကျုံးအနောက်ဘက်ကို ဒုတိယဦးစားပေးအဖြစ် လဲလှယ်မည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

လက်ရန်းများအပြင် ကျုံးပတ်လည်ရှိ ပလက်ဖောင်းများကိုလည်း ပြုပြင်ပေးမည်ဖြစ်ရာ လက်ရှိတွင် နှစ်ဆင့်ဖြစ်နေသည့် ပလက်ဖောင်းကို တစ်ပြေးညီတည်းဖြစ်အောင် ပြုပြင်မည်ဖြစ်ပြီး လမ်းလျှောက်ခြင်းနှင့် စက်ဘီးစီးနိုင်ရန် ပေ ၂၀ အကျယ်အထိ တိုးချဲ့မည်ဖြစ်ကြောင်း၊ ပလက်ဖောင်းပေါ်မှရေများ ကျုံးအတွင်းမဝင်စေရန် တစ်ဖက်လျှောပုံစံ လုပ်ဆောင်ထားမည့်အပြင် ရေဆိုးမြောင်းတစ်ခုလည်း ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကုန်ကျစရိတ် တွက်ချက်နေဆဲဖြစ်ကြောင်း ကျုံးပတ်လည် သာယာလှပရေးနှင့် လက်ရန်းများ ပြုပြင်နိုင်ရေးကော်မတီထံမှ သိရသည်။ 

ကျုံးပတ်လည်ရှိ ကျောက်နံရံသည် ၁၉၉၄ ခုနှစ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် ကြွက်တွင်းများ၊ ကလိုင်ပေါက်များရှိနေရာ ယင်းအပေါက်များကိုလည်း အင်္ဂတေများဖြင့် ဖာထေးပေးမည်ဟု ၎င်းတို့က ပြောဆိုသည်။

မန္တလေးမြို့၏ သင်္ကေတဖြစ်ပြီး နန်းမြို့ရိုးပတ်လည်တွင်ရှိနေသော ကျုံးလက်ရန်းများ ပြုပြင်လဲလှယ်မည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာချိန်တွင် မန္တလေးမြို့ခံများအကြား ထောက်ခံသူနှင့် ကန့်ကွက်ပြောဆိုမှုများ ရှိခဲ့သည်။

M-04



FOLLOW US