News

POST TAGGED AS

မောင်းမကန်

ရခိုင်ပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီးကို တာဝန်မှရပ်စဲသင့်ကြောင်း စွပ်စွဲပြစ်တင်မှု ရှုံးနိမ့်

စစ်တွေ၊ ဇွန် ၂၉

ရခိုင်ပြည်နယ် အစိုးရဘဏ္ဍာရေး၊အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ထမ်းဆောင်ရန် သင့်၊ မသင့်ကို ဇွန်လ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲ သုံးပုံ နှစ်ပုံ မပြည့်သည့်အတွက် ရှုံးနိမ့်သွားသည်။

ယင်းသို့မဲခွဲဆုံးဖြတ်ရန် အစည်းအဝေး ခေါ်ယူရာတွင် ကိုယ်စားလှယ်နှစ်ဦးခွင့်ယူထား၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦး တက်ရောက်ကာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၅ မဲ၊ ကန့်ကွက်မဲ ၉ မဲနှင့် ပယ် မဲ ၁၀ တို့ဖြင့် စွပ်စွဲပြစ်တင်မှု ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီနည်းကျကျနဲ့သာဆိုရင် ရှုံးနိမ့်စရာအကြောင်း မရှိဘူး၊ အခု လွှတ်တော်မှာ ပြည်သူရွေးချယ်ထားတဲ့ကိုယ်စားလှယ် ၂၅ ဦးမဲပေးခဲ့တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ဆန္ဒမဲမပြုခဲ့လို့ ရှုံးခဲ့ပေမယ့် ပြည်သူ့က ရွေးချယ်ထားတဲ့ကိုယ်စားလှယ် သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်တာ မှန်ကန်တယ်လို့ ထောက်ခံခဲ့တဲ့အတွက် အမှန်တရားက ပေါ်ပေါက်ခဲ့တယ်”ဟု သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (NLD) ဦးနိုင်ကြွေးအေးက ဆိုသည်။

ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းကို ပြည်နယ်၏ ၆ လတာ မီနီဘတ်ဂျက်၌ လွှတ်တော်မှာ အတည်ပြုထားသော လုပ်ငန်းများမဟုတ်ဘဲ လုပ်ငန်းသစ်များပါ ရှိလာကြောင်း၊ လုပ်ငန်းများအတွက် အမှန်တကယ် ကုန်ကျမည်ထက် အသုံးစရိတ် ပိုတောင်ထားခြင်းတို့အပြင် မြို့ ငါးမြို့မှာ တည်ဆောက်မည့် အဆင့်မြင့်ဈေး ၅ ဈေး၊ မောင်တော ကညင်ချောင်း စီပွားရေးဇုန် လုပ်ငန်းအကောင်အထည် မဖော်နိုင်သည့်ကိစ္စ၊ ၂၀၁၇-၁၈ ခုနှစ် ပိုလျှံငွေများကို မြို့နယ်အလိုက် ခွဲဝေရာ မြို့နယ်အချို့တွင် ငွေပမာဏလျော့နည်းနေခြင်းနှင့် မြောက်ဦးခရိုင် တင်ဒါကိစ္စများ စသည့်တို့ဖြင့် စွပ်စွဲထားခဲ့ခြင်းဖြစ်သည်။

ယင်းသို စွပ်စွဲပြစ်တင်ပြီးနောက်တွင် ပြည်နယ်လွှတ်တော်က သံတွဲမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးကာ စုံစမ်းစစ်ရေးဖွဲ့စည်းခဲ့ပြီး ဧပြီလ လယ်ပိုင်းအချိန်ခန့်မှစ၍ သက်သေအဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနှင့် ပြင်ပ ၁၂ ဦးတို့အား စစ်ဆေးခဲ့ကြပြီ မေလ ၃၀ ရက်နေ့တွင် အပြီးသတ် အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

“ကျနော်တို့ ဒီနေ့စစ် ဒီနေ့ ဆုံဖြတ်ချချက် အစီရင်ခံစာရေးခဲ့တာမဟုတ်ဘူး။ တစ်လကျော်တိုင်တိုင် စစ်ဆေးတွေ့ရှိချက်တွေကို ရေးခဲ့တဲ့အစီရင်ခံစာဖြစ်တယ်။ ဒီအစီရင်ခံစာ မှန်ကန်တယ်ဆိုတာ ရဲရဲကြီး ပြောနိုင်တယ်” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ကြွေးအေးကဆိုသည်။

အစိုရအဖွဲ့အနေနှင့် ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်နေခြင်း၊ မအောင်မြင့်သည့် စီမံကိန်းများကို ဘတ်ဂျက်များသုံးစွဲနေခြင်းသည် ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးတိုက်ရေးမှာ အနုတ်လက္ခဏာဖြစ်သွားနိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတွင် တာဝန်ယူမှု တာဝန်ခံမှုတို့ဖြင့် မိမိပြည်နယ်အကျိုးအတွက်အကောင်းဆုံး အနေအထားဖြစ်ရန် တည်ဆောက်ရမည်ဖြစ်ကြောင်း ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က သုံးသပ်လိုက်သည်။

“အခုလို စွပ်စွဲပြစ်တင်မှုနဲ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်တဲ့အပိုင်းဟာ ဥပဒေအကြောင်းအရ အားနည်းချက်တွေလည်း ရှိနိုင်တယ်။ အမှန်တကယ် အပြစ်ရှိရင် ဥပဒေအရ အရေးယူနိုင်ဖို့ အရေးကြီးတယ်။ လူအားဖြင့် အဖွဲ့အစည်းအားဖြင့် ဒီဝန်ကြီးဟာ အပြစ်မရှိဘူး။ အမှန်တကယ် အပြစ်ရှိရင် ရှိတယ်။ မရှိဘူးဆိုရင် မရှိဘူး အဲဒီလိုမျိုပဲ ဖြစ်သင့်တယ်”ဟု ဦးမောင်သန်းစိန်က ဆိုသည်။

ဝန်ကြီးကျော်အေးသိန်း၏ သဘောထားကို မီဒီယာများက လွှတ်တော်၌ မေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

R-22



FOLLOW US