News

POST TAGGED AS

မောင်တော

အကြမ်းဖက်မှု ကိုင်တွယ်ရာတွင် ဆိုင်ရာနိုင်ငံများကို ပစ်ပယ်ရုံဖြင့် မပြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Hindustan Times ပါ သတင်းဆောင်းပါးကို NLM ဘာသာပြန်သည်။

မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်စဉ်များတွင် ဆိုးဆိုးဝါးဝါး အကြမ်းဖက် တိုက်ခိုက်ခံရမှု တစ်ခု ဖြစ်ပွားခဲ့ရာ ပါကစ္စတန် သင်တန်းဆင်း အကြမ်းဖက်သမားတစ်ဦး ခေါင်းဆောင်သောအဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပေါ်လွင်ခဲ့သော်လည်း အကြမ်းဖက်ဝါဒကို ကိုင်တွယ်ရာတွင် ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံများကို ပစ်ပယ်ထားရုံနှင့် မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်ဟု Hindustan Times သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတော် အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များကို ပူးတွဲထမ်းဆောင်နေသော မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် အကြမ်းဖက်လုပ်ရပ်ကို ပစ်ပယ်ထားရန်နှင့် အကြမ်းဖက်ဝါဒကို အချို့ပြည်သူများ အသုံးချလာခြင်း၏ အကြောင်းရင်းများကို အဓိက အာရုံစိုက်ရန် လိုအပ်သည်” ဟု Hindustan Times သတင်းစာသို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသော ဂိုအာမြို့ BRICS ထိပ်သီးညီလာခံနှင့် Bimstec ခေါင်းဆောင်များ အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို မူဝါဒအဖြစ် ကျင့်သုံးနေသော ပါကစ္စတန်အား ခွဲခြားပစ်ပယ်ရေးကို အိန္ဒိယနိုင်ငံက စည်းရုံးနေချိန်တွင် သူမ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အကြမ်းဖက်ဝါဒကို စပွန်ဆာပေးသော အစ္စလာမ်မာဘတ်ကို ပစ်ပယ်ထားရန် နယူးဒေလီ (အိန္ဒိယ အစိုးရ) က ကြိုးစားနေမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ သူမက “အကြမ်းဖက်ဝါဒက တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေပါတယ်။ ဒါကြောင့် အကြမ်းဖက်ဝါဒကို ဖယ်ရှားပစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုကို လုပ်ဆောင်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေရဲ့ကိစ္စ သက်သက်လို့ စဉ်းစားလို့ မရပါဘူး”

“အခြေခံကျကျ ပြောရရင် အကြမ်းဖက်ဝါဒကို ဖယ်ရှားပစ်ဖို့ ကြိုးစားတဲ့အခါ တစ်စုံတစ်ခု အဆုံးသတ်သွားအောင် အကြမ်းဖက်တာကို အသုံးပြုရတာပါပဲ။ ကျွန်မကတော့ ဘယ်လိုအကြမ်းဖက်တာကိုမှ မနှစ်သက်ပါဘူး။ လူတွေ ဘာကြောင့် အကြမ်းဖက်ဝါဒကို ရွေးချယ်လာကြသလဲ ဆိုတာကို ကျွန်မတို့အားလုံး အတူတကွ အဖြေရှာဖို့ လိုပါတယ်။ ဒီကိစ္စက တချို့လူတွေ ထင်သလောက် မလွယ်ကူပါဘူး။ လူတွေ ဘာကြောင့် အကြမ်းဖက်ဝါဒကို ရွေးချယ်ကြသလဲ။ အကြမ်းဖက်ရတာကို သဘောကျလို့လား။ ဒီလိုလည်း ဟုတ်မယ် မထင်ပါဘူး” ဟု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်က လွှဲပြောင်းပေးခဲ့သော အောက်တိုဘာလ ၉ ရက်က ရခိုင်ပြည်နယ်ရှိ ရဲစခန်းသုံးခု အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ပတ်သက်သူနှစ်ဦးက အဆိုပါ တိုက်ခိုက်မှုများကို ပါကစ္စတန်တွင် ခြောက်လ သင်တန်းတက်ခဲ့သူ တစ်ဦးက ဦးဆောင် စီစဉ်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသော အချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံသော်လည်း အပြစ်တင်သည့် သဘော မသက်ရောက်အောင် သူမက သတိထားပြောဆိုသည်။

“အသေးစိတ် အချက်အလက်တွေကို ကျွန်မတို့ မသိရသေးပါဘူး။ သင်တန်းတက်တဲ့ ခြောက်လက ဘယ်တုန်းကမှန်းလည်း မသိပါဘူး။ အစ္စလာမ်နိုင်ငံ ပေါင်းစုံကနေ အထောက်အပံ့တွေ ရတယ်လို့လည်း ပြောပါတယ်။ ဒါတွေက ဇာစ်မြစ်တစ်ခုတည်းကနေ ရတဲ့အချက်အလက်တွေပါ။ ဒီအချက်အလက်တွေ အကြွင်းမဲ့ မှန်ကန်တယ်ဆိုတဲ့ အာမခံချက် မရှိသေးပါဘူး” ဟု သူမက ပြောကြားသည်။

မြန်မာသမ္မတရုံး၏ အောက်တိုဘာလ ၁၃ ရက် ကြေညာချက်တွင် “၎င်းတိုက်ခိုက်မှုများကို ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ RSO နှင့် ဆက်စပ်သော အေကာမူးလ် မူဂျာဟစ်ဒင်အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ခေါင်းဆောင်မှာ ပါကစ္စတန်တွင် တာလီဘန်သင်တန်း ခြောက်လတက်ခဲ့သော ဟာဗစ်တူတာဟု သိရှိရကြောင်း” ဖော်ပြထားသည်။ ၎င်းဖြစ်စဉ်များတွင် ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးပြီး သေနတ် ၆၄ လက် ဆုံးရှုံးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်မှ အသိုင်းအဝိုင်းများ ပြန်လည်သင့်မြတ်ရေး နှစ်မျိုးစလုံးကို ယှဉ်တွဲ လုပ်ဆောင်နေရသည်ဟု ပြောဆိုခဲ့သည်။

ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို အသုံးမပြုရန် သူမ၏ အစိုးရက အမေရိကန် ကိုယ်စားလှယ်ကို အကြံပေးခဲ့ခြင်းနှင့် ပတ်သက်၍ သူမက “ဒီအသုံးအနှုန်းကြောင့် ရခိုင်ပြည်နယ်က အသိုင်းအဝိုင်း နှစ်ခုအကြားက ကွာဟချက် ပိုကြီးလာခဲ့ပါတယ်။ ရခိုင်တွေက အဲဒီမှာနေတဲ့ မွတ်ဆလင်တွေကို ဘင်္ဂါလီလို့ ခေါ်ဝေါ်ဖို့ ပြင်းပြင်းထန်ထန် ရပ်တည်ကြတယ်။ တစ်ခါ အဲဒီက မွတ်ဆလင်တွေကလည်း သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်ရမယ်လို့ ဆိုပြန်တယ်”

“ဒီကိစ္စက ကျွန်မတို့ အစိုးရ တက်မလာခင်၊ လွှတ်တော်မှာ အတိုက်အခံပါတီ ဖြစ်မလာခင် ဟိုးအရင်ကတည်းက ရှိခဲ့တာပါ။ ကျွန်မတို့ရဲ့ စည်းမျဉ်းကတော့ ဘယ်ဘက်ကိုမှ မျက်နှာမလိုက်ဘဲ ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်းလို့ အမြဲတမ်း သုံးနှုန်းသွားမှာ ဖြစ်ပါတယ်။ လူတွေကို သွေးဆူလာစေတဲ့ အခေါ်အဝေါ်တွေ အသုံးပြုတဲ့ အဓိက အကြောင်းရင်းကို ကျွန်မတို့ စဉ်းစားလို့ မရပါဘူး။ ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်းလို့ သုံးနှုန်းတာဟာ အသင့်တော်ဆုံးလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နိုင်ငံများသည် ဘင်္ဂါလီ (ရိုဟင်ဂျာ) ပြဿနာကို ဖြေရှင်းရာတွင် အဓိကကဏ္ဍမှ ပါဝင်နိုင်သော်လည်း လုံခြုံရေးကဏ္ဍ ရှုထောင့်မှသာ ဖြစ်သည်ဟု ဆိုသည်။ “ဘင်္ဂလားဒေ့ရှ်က ပူးပေါင်းဆောင်ရွက်မှု အရမ်းကောင်းပါတယ်။ တိုက်ခိုက်မှုတွေ လျှို့ဝှက်စီစဉ်တာကို သိရင် ချက်ချင်းသတင်းပေးတယ်။ ဒါကြောင့် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ပါတယ်” ဟု သူမက ပြောကြားသည်။

အိန္ဒိယသည် ယခင် မြန်မာစစ်အစိုးရနှင့် ကာလရှည်ကြာ ထိတွေ့ခဲ့မှုကြောင့် သူမက တရုတ်ဘက်သို့ ယိမ်းချင်သည်ဟူသော ယူဆမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်သည်။ “ကျွန်မတို့ဟာ သင့်တင့်မျှတတဲ့ ဟန်ချက်ကို ထိန်းထားရပါတယ်။ ရှင်တို့ နှစ်နိုင်ငံစလုံးဟာ အိမ်နီးချင်းတွေ ဖြစ်နေတဲ့အပြင် ကျွန်မတို့ဟာ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းရာမှာ အရမ်းအောင်မြင်မှု ရှိခဲ့ပါတယ်” ဟု သူမက ရှင်းလင်းပြောဆိုသည်။

“အိမ်နီးချင်းတွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပဲ ဖြစ်ချင်ပါတယ်။ ထပ်ကာထပ်ကာ ပြောချင်တဲ့ စကားကတော့ အိမ်နီးချင်းတွေနဲ့ ဝေးဝေးနေလို့ မရဘူး၊ အားလုံးနဲ့ ခင်မင်အောင် နေရမယ်။ အိမ်နီးချင်းဆိုတာ ပြောင်းလို့မရဘူး၊ ဒါကြောင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ပါ ဆိုတဲ့ စကားပါပဲ” ဟု သူမက ဆက်လက်ပြောကြားသည်။ 

မြန်မာတို့သည် အိန္ဒိယနိုင်ငံအား ဒေသတွင်း အခိုင်မာဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ရှုမြင်သောကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ယဉ်ကျေးမှု အမြစ်တွယ်အောင် ကြိုးစားရာတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနေရခြင်းနှင့် ပတ်သက်၍ အိန္ဒိယက နားလည်မှု ရှိစေချင်သည်၊ အားပေးစေချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒီမိုကရေစီ အမြစ်တွယ်နိုင်အောင် ကျွန်မတို့ ကြိုးစားအားထုတ်နေရတာကို အိန္ဒိယက နားလည်စာနာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နှစ်ပေါင်းငါးဆယ်ကျော် တိုက်စားသွားခဲ့တဲ့ အခြေအနေတွေကို ကိုင်တွယ်ရတာဖြစ်လို့ အင်မတန် ခက်ခဲပါတယ်။ ကျွန်မတို့ ဒါတွေကို ဖြစ်နိုင်သမျှ မြန်မြန်ပြောင်းလဲပစ်ချင်ပေမယ့် ရှင်တို့ဘက်က အမြန်နှုန်းကို အရမ်းတင်ချင်နေလို့ မရပါဘူး” ဟု သူမက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် ရှိသော ကျေးလက်ကဏ္ဍ၏ စီးပွားရေး ဖွံ့ဖြိုးရေးတွင် အိန္ဒိယနိုင်ငံက ပါဝင်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။ “ဒီကဏ္ဍဟာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုအပ်နေတဲ့၊ မျှော်လင့်ချက်တွေပေးဖို့ လိုအပ်နေတဲ့၊ ဖြစ်နိုင်သမျှ အချိန်တိုအတွင်း တိုးတက်မှုမြင်ရဖို့ လိုအပ်နေတဲ့ကဏ္ဍ ဖြစ်ပြီး အိန္ဒိယနိုင်ငံက ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူမက ပြောကြားသည်။

ဤနေရာတွင်လည်း အိန္ဒိယအရှေ့မြောက် ဒေသများနှင့် ထိနေသော မြန်မာနယ်စပ်ကို ပိုမိုဖွင့်လှစ်ရေးနှင့် ပတ်သက်၍ သူမက သတိထား ပြောဆိုခဲ့သည်။ “ကူးလူးဆက်သွယ်မှုဟာ ကူးသန်းရောင်းဝယ်ရေးကို တိုးတက်ဖြစ်ပေါ်စေပေမယ့် အမြဲတမ်း အပြုသဘောမဆောင်တဲ့ အရာတွေကိုလည်း ခေါ်သွင်းလာတတ်တဲ့အတွက် သီးခြားပြဿနာတွေ ရှိနေတတ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေး ပြောဆိုသွားသည်။          



FOLLOW US