News

POST TAGGED AS

မောင်တော

မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၂)
နံနက်စောစောထပြီး ဟိုတယ်မှထွက်ခဲ့ကြသည်။ ဟိုတယ်အပြင်ဘက်မှာ နှင်းမကွဲသေး။ ရာသီဥတုက အေးပြီးစိမ့်နေသည်။ ရန်ကုန်တွင် မရှိတော့ပြီဖြစ်သောဆောင်းကို စစ်တွေမှာတွေ့ရသည်။ ၁၃ ဒီဂရီ ဆဲလ်စီးယပ်စ်ဟု ဖုန်းစကရင် Weather Application က ဖော်ပြနေသည်။ ပြည်နယ်ရဲမှူးကြီး၏ အစီအစဉ်ဖြင့် ရှေ့နောက် ရဲလုံခြုံရေးကားတွေ ခြံရံလျက် ကားများဖြင့် ဟိုတယ်မှစထွက်သည်။ စစ်တွေမြို့က မြူနှင်းများအောက်မှာ အိပ်မောကျနေဆဲဖြစ်သည်။ နာရီဝက်ခန့်မောင်းပြီးနောက် ချောင်းရိုးတစ်ခု၏အစပ်ကို ရောက်သည်။ ရေချမ်းပြင်လှေဆိပ်။ သည်နေရာက စစ်တွေ၏ အနောက်ယွန်းယွန်း အရပ်မှာရှိသည်။ လှေဆိပ်မရောက်မီ ရထားလမ်းတစ်ခုကို တွေ့ရသည်။ ရေချမ်းပြင်မှာအဆုံးသတ်သော စစ်တွေမြို့၏ တစ်ခုတည်းသော ရထားလမ်း။ သို့သော် ယခု ရထားများ မပြေးဆွဲတော့ပါ။ သံလမ်းတွေသာ ထီးတည်းကျန်နေသော ထိုရထားလမ်းကလေးမှာ ၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းတွေဖြစ်ပြီးကတည်းက အသုံးမပြုတော့ဟုဆိုသည်။ ဒီရထားလမ်းက စစ်တွေရှိ ဘင်္ဂါလီမွတ်ဆလင် အများစုနေထိုင်ရာရပ်ကွက်ကို ဖြတ်သန်းသွားသည်။

ရေချမ်းပြင် လှေဆိပ်ရောက်တော့ အသင့်စောင့်ကြိုနေသည့် မော်တော်လှေများပေါ် တက်ကြသည်။ ချောင်းရိုးလေးမှထွက်ပြီး မကြာမီမှာပင် ဘင်္ဂလားပင်လယ်အော်ထဲရောက်သည်။ နံနက်ခင်း နှင်းမြူတွေကြောင့် ဟိုးအဝေးကို ဘာမျှမမြင်ရ။ ကမ်းမမြင် လမ်းမမြင် ရေပြင်ကျယ်ကို စက်လှေအင်ဂျင်သံ တဝုန်းဝုန်းနှင့် ဖြတ်သန်းကြသည်။ လေတိုးသဖြင့် တစ်ကိုယ်လုံး အေးစက်လာသည်။ သည်နေရာက စစ်တွေမြို့၏ အနောက်ခြမ်း ဘင်္ဂလားပင်လယ်အော်ဝ ဖြစ်သလို မေယုမြစ်ဝလည်းဖြစ်သည်။ မြစ်ဝ၏ တစ်ဖက်ကမ်းကို ကျွန်တော်တို့ ကူးကြမည်။ နာရီဝက်လောက် စက်လှေစီးပြီးတော့ တစ်ဖက်ကမ်း “အငူမော်” လှေဆိပ်ကို ရောက်သည်။ ရေကျနေသဖြင့် ကမ်းပေါ်ကို ခက်ခက်ခဲခဲ ကုပ်တွယ်တက်ကြရသည်။ ဤနေရာသည် မေယုမြစ်၏ အနောက်ခြမ်း ကမ်းရိုးတန်းဖြစ်သည်။ အငူမော်ဆိပ်ကမ်းမှ မောင်တောမြို့အထိ တောက်လျှောက်ကားဖြင့် တက်ကြမည်။

အငူမော်ဆိပ်ကမ်းမှာ လက်ဖက်ရည်၊ ကောက်ညှင်းပေါင်းတို့နှင့် ဧည့်ခံသဖြင့် အဆာပြေစားကြသေးသည်။ သည်ဘက်မှာလည်း ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့အတွက် စီစဉ်ပေးထားသည့် ဟိုင်းလပ်စ်၊ ဆဗ်၊ လန်းခရုဇာကား ခုနစ်စီးကို ရဲလုံခြုံရေးကားများက ရှေ့နောက်ခြံရံပြီး လိုက်ပါပေးသည်။

“ကျွန်တော်တို့ ဒီဘက် တောင်ပိုင်းအခြမ်းကတော့ အန္တရာယ်သိပ်မရှိပါဘူး။ ခင်ဗျားတို့သွားရင် တွေ့ရပါလိမ့်မယ်။ အံ့ဩစရာကောင်းတာက ဘင်္ဂါလီတွေ မရှိသလောက်ဖြစ်သွားတာပဲ။ ကျွန်တော်တို့ ထင်တောင်ထင်မထားဘူး”ဟု စစ်တွေဒေသ ကွပ်ကဲရေးစခန်းတပ်မှ တာဝန်ရှိပုဂ္ဂိုလ်က မနေ့ညက ဟိုတယ်မှာ လာပြောသွားတာ အမှတ်ရနေသည်။

ကျွန်တော်တို့သည် ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂါလီ အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နယ်မြေထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ တစ်နည်းအားဖြင့် အန္တရာယ်ဇုန်ထဲဝင်လာပြီဟု ဆိုရမည်။ အားလုံးသတိနှင့် သွားလာကြရန် ကြိုတင်သတိပေးထားပြီးလည်း ဖြစ်သည်။ အငူမော်ဆိပ်ကမ်း ရောက်ကတည်းက မြေထိုးစက်ကြီးတွေ၊ ကွန်ကရစ်ဖျော်ကားကြီးတွေ မြင်နေရသည်။ မကြာသေးမီရက်အတွင်းက ခင်းထားဟန်ရှိသော ကွန်ကရစ်လမ်းသစ်တစ်ခြမ်းကိုတွေ့ရပြီး လမ်းတစ်လျှောက် လမ်းမြေချဲ့ပြီး ကွန်ကရစ်ခင်းနေတာတွေကိုလည်း တွေ့ရသည်။ ဒါက ရခိုင်ပြည်မြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း UEHRD အရ အရေးတကြီး အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်သည်။ လမ်းဖောက်လုပ်ရေးကို အေးရှားဝါးလ်ကုမ္ပဏီက တာဝန်ယူထားသည်။ နှစ်ပေါင်းများစွာ လျစ်လျူရှုထားခြင်းခံခဲ့ရသော ဤလမ်းဟောင်းကို ယခုမှ အပူတပြင်း အသစ်ပြန်လည် ဖောက်လုပ်နေကြခြင်းဖြစ်သည်။ မြေထိုးစက်ကြီးတွေ၊ မြေသယ်ယာဉ်တွေ၊ ကွန်ကရစ်ဖျော်ကားတွေ လမ်းတစ်လျှောက်တွေ့နေရသည်။ ယခုလမ်းမှာ ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက ဖောက်ထားသည့် လမ်းဟောင်းတစ်ခု ဖြစ်ဟန်တူသည်။ ကတ္တရာမရှိတော့ပါ။ ကျောက်ကြမ်းမြေသားလမ်းဖြစ်သည်။ တချို့နေရာတွေမှာ ချိုင့်တွေကျင်းတွေနှင့် မညီမညာဖြစ်နေသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ပြုပြင်မှုမရှိသလို အသုံးပြုမှုလည်း နည်းပါးခဲ့ဟန်ရှိသည်။ မြောက်ဘက်သို့ ဆန်တက်ခဲ့သည့် လမ်းတစ်လျှောက်မှာ လယ်ကွင်းတွေ၊ ရွာငယ်တွေကို တွေ့ရသည်။ ဟိုးအရှေ့ဘက်မှာ မေယုတောင်တန်းကြီးကို မြင်နေရပြီး သည်ဘက်ခြမ်း လယ်ကွင်းတွေရဲ့ အဆုံးသတ်မှာတော့ ဘင်္ဂလားပင်လယ်အော် ရှိနေသည်။

ကားမောင်းသူက“ဒါ ရခိုင်ရွာတွေပါ”ဟု ပြောသည်။“ဒီဘက် ခြမ်းမှာ ဘင်္ဂါလီတွေ သိပ်မရှိဘူး”။ ဒုံးပိုက်ဟုခေါ်သောရွာကို ရောက်တော့ ယာဉ်တန်း ခဏရပ်သည်။ ဒီရွာက ရခိုင်တိုင်းရင်းသားများနေသော ရွာဖြစ်သည်။ ဩဂုတ်လ ၂၅ ရက် အာဆာအဖွဲ့ တိုက်ခိုက်မှုတွင်ပါဝင်သော်လည်း ရဲစခန်းကိုသာ ဝင်တိုက်သွားပြီး ရွာသားတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့။ ဒုံးပိုက်ကျေးရွာ လွန်သောအခါ မီးလောင်ကျွမ်းထားသော အုန်းပင်များ၊ ကွမ်းသီးပင်များနှင့် ဟင်းလင်းပြင်ဖြစ်နေသော နေရာအတော်များများကိုမြင်ရသည်။ ထိုနေရာများသည် ဘင်္ဂါလီများ နေထိုင်ခဲ့ကြသည့် ရွာဟောင်းများဟုဆိုသည်။ ရွာဟုဆိုသော်လည်း အိမ်တစ်လုံးမျှ မရှိတော့ပါ။ သက်ရှိဆို၍ ခွေးတစ်ကောင် ဆိတ်တစ်ကောင်ပင်မတွေ့ရဘဲ တစပြင်ပမာ တိတ်ဆိတ်ခြောက်သွေ့နေသည်။ အချို့နေရာတွေမှာတော့ မီးမလောင်ဘဲကျန်နေသည့် အုတ်ခုံကြမ်းပြင်တချို့၊ မီးကျွမ်းထားသည့် သွပ်ပြားအပိုင်းအစအချို့ကို တွေ့ရသည်။ ရွာဟူ၍ ပြောနိုင်သည့် အမှတ်အသား မကျန်သလောက်ဖြစ်ပြီး မီးလောင်ကျွမ်းထားသည့် သစ်ပင်များကသာ ဒီနေရာမှာ တစ်ခါက ရွာရှိခဲ့သည်ဟု ဆိုနိုင်သည့် အမှတ်အသားအဖြစ် ကျန်နေသည်။

တစ်နေရာရောက်တော့ အပြာရောင်သွပ်မိုးလေးတွေ အစီအရီနှင့်ဆောက်ထားသည့် အိမ်ငယ်အစုတစ်ခုကို တွေ့ရသည်။ “ကိုးတန်ကောက် ရွာသစ်”။ ထိုနေရာမှာ ကားတန်းရပ်ပြီး ဆင်းကြည့်ကြသည်။ သည်အိမ်ငယ်လေးတွေက မကြာသေးမီးကမှ ဆောက်ပြီးထားတာဖြစ်သည်။ ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးအဖွဲ့ (ARR) သည် ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများ ပြန်လည်အခြေချနေနိုင်အောင် ခုကဲ့သို့ အိမ်ရာများ ဆောက်လုပ်ပေးလျက်ရှိသည်။ ယခုရွာသို့ ပြောင်းရွှေ့လာသူ မများလှသေးပါ။ အိမ်ထောင်စု သုံးဆယ်ကျော်ပဲရှိသေးသည်။ သူတို့တစ်တွေက သံတွဲမြိုနယ်ထဲက ရွာများမှာ နေထိုင်သူများဖြစ်ကြသည်။ ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကြသည်။ ယခုသည်ဘက်ခြမ်း ပင်လယ်ပြင်မှာ ဘင်္ဂါလီတွေ မရှိတော့သဖြင့် သူတို့ငါးဖမ်းရတာ အဆင်ပြေသည်ဟု ကြားရသည်။ အားလုံး ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ပင်။

ကိုးတန်ကောက်က ရခိုင်ရွာဖြစ်သည်။ ဘုန်းကြီးကျောင်းရှိသည်။ စေတီရှိသည်။ အကြမ်းဖက်အဖွဲ့ အာဆာသည် ပြီးခဲ့သည့်နှစ် ဩဂုတ် ၂၅ ရက်က မောင်တောခရိုင်အတွင်းရှိ ရဲစခန်းနှင့် ရဲတပ်ရင်းစုစုပေါင်း ၃၀ ကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကိုးတန်ကောက် နယ်ခြားစောင့် ရဲစခန်းလည်း ပါဝင်ခဲ့သည်။ ယခုတစ်ကြိမ် တိုက်ခိုက်မှုမှာ အသေအချာ စနစ်တကျပြင်ဆင်ပြီး ရဲစခန်းများကို လက်နက်ကြီးများနှင့် ဘင်္ဂါလီလူအင်အားကို အသုံးပြုကာ ဝင်ရောက်စီးနင်းသိမ်းပိုက်ရန် ကြိုးစားကြခြင်းဖြစ်သည်။ မောင်တောမြောက်ပိုင်းမှသည် တောင်ပိုင်းအထိ တစ်ချိန်တည်း တစ်ပြိုင်တည်း ပုံစံတစ်ခုတည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်သည်။ ကိုးတန်ကောက် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲစခန်းရှေ့မှာ ယာဉ်တန်း ခဏရပ်သည်။ ရဲကွပ်ကဲရေးစခန်း၏ ခြံဝင်းပတ်လည်ကို သံဆူးကြိုး အပြည့်ကာရံထားသည်ကို တွေ့ရသည်။ ဩဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုတွင် ဤစခန်းပါဝင်ခဲ့သော်လည်း အသေအပျောက်မရှိခဲ့။

လမ်းတစ်လျှောက်လုံး ကျယ်ပြောသော လယ်ကွင်းပြင်တွေ မြင်ရသည်။ “ဒါတွေက ဘင်္ဂါလီတွေပိုင်ခဲ့တဲ့ လယ်တွေပါ၊ ခုတော့ ပိုင်ရှင်တွေမရှိတော့ဘူး”ဟု ကားမောင်းသူက ရှင်းပြသည်။ မီးကျွမ်းထားသော ကွမ်းသီးပင်တွေ၊ အုန်းပင်တွေနှင့် လူသူကင်းမဲ့နေသော ဘင်္ဂါလီရွာတွေကို တွေ့ခဲ့ရသည်။ မီးသင့်ထားသော အုန်းပင်တွေကြောင့် ရွာဟုယူဆရသော နေရာများစွာကို ဖြတ်ကျော်ခဲ့သော်လည်း တစပြင်ပမာ သက်ရှိဟူ၍ ဘာမျှမတွေ့ရ။ အချို့နေရာတွေမှာတော့ ဗလီဟုယူဆရသော အဆောက်အအုံ အကြွင်းအကျန်တွေနှင့် မပျက်ဘဲကျန်နေသော ခြံတံခါးအချို့ကို တွေ့ရသည်။

နံနက် ၁၁ နာရီမှာ အင်းဒင်ရွာ ရဲစခန်းရှေ့သို့ ရောက်သည်။ ဒီနေရာမှာ နေ့လယ်စာ စားကြမည်။ ရွာအဖြစ်ရှိစဉ်က ဘယ်လောက်အိမ်ခြေများမည် မခန့်မှန်းနိုင်သော်လည်း အင်းဒင်တွင် မီးလောင်ထားသည့် မော်တော်ဆိုင်ကယ် အပျက်တွေ၊ စက်ဘီးတွေ၊ နေအိမ်အုတ်ခုံတွေ၊ မီးကျွမ်းနေသည့် သစ်ပင်တွေက နေရာအနှံ့မှာတွေ့ရသည်။ ရဲစခန်းကို ဝါးချွန်တွေယှက်ပြီး နှစ်ထပ်ကာထားတာ တွေ့ရသည်။ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် ကာလအတွင်း လူအသေအပျောက်ရှိခဲ့သော ကျေးရွာဖြစ်သည်။ ဘင်္ဂါလီ မွတ်ဆလင်တွေ မရှိတော့သော်လည်း ရခိုင်တိုင်းရင်းသားအချို့တော့ ရွာမှာကျန်နေသေးသည်။ မီးမလောင်ဘဲ အုန်းပင်စုစု သစ်ပင်စုစုရှိနေသေးလျှင် ထိုနေရာသည် အကောင်းအတိုင်း ကျန်နေသေးသည့် ရခိုင်တိုင်းရင်းသား ရွာဖြစ်သည်။ အင်းဒင်အထိ လာရာလမ်းတစ်လျှောက်မှာတော့ ရွာတွေမရှိသလောက် ဖြစ်သွားခဲ့ပြီ။ ရှိနေခဲ့သော ရွာတွေအားလုံး “တစ္ဆေရွာ” Ghost villages များအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

ချစ်ဝင်းမောင်



FOLLOW US