News

POST TAGGED AS

မောင်တော

ဒုက္ခသည်များ နေရာချပေးရန်စီစဉ်မှုကို ဒေသခံများ ကန့်ကွက်
စစ်တွေ၊ ဇန်နဝါရီ ၁၄

အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သော ဒုက္ခသည်များကို မောင်တော တောင်ပိုင်းတွင် ပြန်လည် လက်ခံနေရာချပေးရန် စီစဉ်နေမှုကို ဒေသခံများက ကန့်ကွက်နေကြသည်။ 

ဒုက္ခသည်များကို နေရာချထားပေးမှုနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းက ရခိုင်ပြည်နယ် အစိုးရဧည့်ဂေဟာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး ရခိုင်ပြည်နယ်မှ သံဃာတော်၊ ဆရာတော်များ၊ မြို့မိမြို့ဖများနှင့် ရခိုင်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ယင်းဆွေးနွေးပွဲတွင် ဒေသခံများက ကန့်ကွက်ခြင်းဖြစ်သည်။ 

မောင်တောမြို့နယ် တောင်ပိုင်းမှာ ပဋိပက္ခဖြစ်စဉ် အဆက်ဆက်၏ အစနေရာဖြစ်ပြီး နယ်စပ်ခြံစည်းရိုး မရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုရောက်ရန် တစ်နာရီသာ ဝေးသည့်နေရာတွင် ဖြစ်နေခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံ ဦးသာပွင့်က ပြောသည်။ 

“တောင်ပိုင်းမှာ ရွာတည်လိုက်တာနဲ့ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်မလာဖို့ ရေတပ်တွေ ဘာတွေရှိတာထား အဲဒါတွေက မှောင်ခိုကူးနေကြတဲ့ စက်လှေဘုတ်ကြီးတွေကိုတောင် လိုက်မမီဘူး။ နောက်တစ်ချက် မိုးတွင်းကာလမှာ ရေတပ်သင်္ဘောလည်း ပင်လယ်ထဲမှာမနေ၊ ရေချမ်းပြင်မှာ နေကြတာ။ အဲ့ဒီနားမှာသာ ရွာတည်ကြည့် အခု ၆ ရွာ၊ မိုးကုန်တာနဲ့ ၁၀ ဆလောက် ပိုလာမယ်၊ ဘင်္ဂါလီတွေကို တောင်ပိုင်းမှာ မထားစေချင်ဘူး”ဟု ၎င်းကဆိုသည်။ 

ထွက်ပြေးတိမ်းရှောင်သွားသူများကို ပြန်လည် လက်ခံရာတွင် နှစ်နိုင်ငံ သဘောတူညီထားသော စာချုပ်အရ နဂို မူလနေထိုင်ခဲ့ကြသောနေရာ သို့မဟုတ် အနီးစပ်ဆုံး နေရာများတွင် ပြန်လည် နေရာချထားရမည်ဖြစ်ပြီး လုံခြုံရေးလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောသည်။

အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသူ လူဦးရေ ၆ သိန်းခန့်ရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး ၎င်းတို့ကို ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ လက်ခံသွားမည် ဆိုသော်လည်း အမှန်တကယ် မည်မျှရောက်ရှိမည်ကို ပြောလို့မရသေးကြောင်း ၎င်းကဆိုသည်။

ခိုင်မင်းညို



FOLLOW US