News

POST TAGGED AS

ဘေးအန္တရာယ်

23-Aug-2018

လယ်ယာ
တိုင်ကြ တောကြ ဤလောက
ဒီနေ့ဒီအချိန်မှာ တိုင်စာတောစာတွေက တစ်နေ့တခြား ဒီရေအလား တိုးပွားနေတယ်။ တိုင်ကြတဲ့ အကြောင်းအရာတွေကလည်း စုံလင်သထက် စုံလင်လို့ လာနေတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်စုရုံးမှာ တိုင်တယ်။ အရေးမယူရင်ပဲဖြစ်ဖြစ်၊ သူ့ရဲ့အရေးယူ ဆောင်ရွက်ချက်အပေါ်မှာ မကျေနပ်ရင်ပဲဖြစ်ဖြစ် မြို့နယ်တို့၊ ခရိုင်တို့ တက်တိုင်တယ်။ ဒီမှာတင် မကျေနပ်တော့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အထိ တိုင်တယ်။ နောက်ဆုံးအဆင့် နိုင်ငံတော်သမ္မတရုံးတို့၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးတို့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့အထိ တက်တိုင်တယ်။

ပုံမှန်စာလမ်းကြောင်းနဲ့ ပို့ရတာ အားမရတော့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ခရီးစဉ်တွေမှာ လူကိုယ်တိုင်သွားပြီး တိုင်စာကို လက်ထဲထည့်တဲ့အထိဖြစ်လာတယ်။ လက်ထဲထည့်ဖို့ အဆင်မပြေတော့ မီရာနေရာကနေ လှမ်းပစ်ပေးတဲ့ အခြေအနေအထိတောင် ဖြစ်လာတယ်။ ဒါ့ကြောင့် တိုင်စာတွေကို အကြီးအကဲတွေနဲ့လိုက်ပါလာတဲ့ တိုင်ကြားစာ လက်ခံရေးအဖွဲ့ဆီကို အပ်ပေးကြပါ၊ သေသေချာချာ စိစစ်ဆောင်ရွက်ပေးပါ့မယ်လို့ ပန်ကြားယူရတဲ့ အခြေအနေအထိ ရောက်လာတယ်။

ဟိုရှေးယခင်အချိန်တွေတုန်းကတော့ ကိုယ့်ရဲ့နစ်နာဆုံးရှုံးမှုကို မပြောရဲ၊ မဆိုရဲ၊ မတင်ပြရဲခဲ့ကြဘူးပေါ့။ ပြောဆိုတင်ပြမယ်ဆိုရင်လည်း တိုင်တဲ့သူကိုတောင်မှ ပြန်ပြီးရန်ရှာတတ်တဲ့အတွက် ဘာတွေပဲဖြစ်နေဖြစ်နေ အသာလေးအံကြိတ်ပြီး ခါးစည်းခံခဲ့ကြရတာပါ။ ကိုယ့်ဘဝမှာ ဖြစ်သမျှအကြောင်း အကောင်းချည်းရယ်လို့သာ သဘောထားပြီးတော့ နေခဲ့ကြရသတဲ့။

ဒီနေ့ခေတ်မှာတော့ လွတ်လပ်ပွင့်လင်းစွာနဲ့ တိုင်ကြားခွင့်ရပြီမို့ တိုင်လိုက် တောလိုက်ကြတာကလည်း ဟိုတုန်းက မျိုသိပ်ခဲ့ရသမျှ အခုမှအကုန် ဖွင့်ချပြီး အတိုးနဲ့တိုင်နေကြသလား အောက်မေ့ရတယ်။ တကယ့်တကယ်ကို နစ်နာဆုံးရှုံးမှုကြီးတွေကြုံခဲ့ရလို့ တိုင်တဲ့သူတွေရှိသလိုပဲ တိုင်စရာမရှိ ရှာကြံပြီးတော့ တိုင်နေတဲ့သူတွေကလည်း ရှိနေတယ်။

တိုင်တဲ့ပုံစံကလည်းအမျိုးမျိုး၊ တိုင်စာပါ အကြောင်းအရာတွေကလည်း အမျိုးမျိုးပါ။ ဟိုရှေးယခင် မြန်မာဘုရင်များလက်ထက်ကတော့ ပြည်သူတွေအနေနဲ့ ဘုရင်မင်းမြတ်ကို သံတော်ဦးတင်စရာရှိရင် နန်းရင်ပြင်က ခေါင်းလောင်းကို လာထိုးပြီးတော့ ဘုရင်မင်းမြတ်ရွှေနားတော်ကြားအောင် ဆောင်ရွက်ရတာတွေလည်း ရှိခဲ့သတဲ့။ ဒီနေ့ဒီအချိန်မှာတော့ စာနဲ့ တိုင်တာရှိတယ်၊ ဖုန်းဆက်ပြီးတိုင်တာရှိတယ်၊ လူကိုယ်တိုင်လာပြီးတိုင် တာရှိတယ်၊ သတင်းမီဒီယာကတစ်ဆင့် တိုင်ကြတာရှိတယ်၊ လူမှုကွန်ရက်တွေ၊ အွန်လိုင်းတွေပေါ်ကနေတင်ပြီး တိုင်ကြတာတွေ ရှိပါတယ်။ ပုံစံအစုံပါပဲ။

တိုင်ကြားနည်းစုံသလို တိုင်ကြားတဲ့ အကြောင်းအရာတွေကလည်း တကယ့်ကို စုံစုံလင်လင်ပါပဲ။ လယ်ယာမြေတွေအသိမ်းခံခဲ့ရလို့ တိုင်တာတွေရှိသလို လယ်ကန်သင်းလေး ဟိုဘက် ဒီဘက် တစ်ထွာ တစ်မိုက်လောက်လေး အငြင်းပွားတာတွေလည်း ပါတယ်။ အထက်လယ်နဲ့ အောက်လယ်၊ အထက်ကကျတဲ့ရေကို အောက်ကိုဖောက်ချတာမခံလို့ ဆိုတာတွေလည်း ပါတယ်။ အိမ်ဝင်းတစ်ခုလုံးပါသွားလို့ တိုင်တာရှိသလို ခြံစည်းရိုး တိုင်တစ်လုံး စာလေးအတွက် တိုင်တာတွေလည်းပါတယ်။ ဟိုဘက်အိမ်က တံစက်မြိက်က ကျတဲ့ရေက ကိုယ့်ဘက် ခြံထဲကိုကျလာလို့ ဆိုတာတွေလည်းပါတယ်။ ဟိုဘက်အိမ်က သစ်ကိုင်းလေးက ကိုယ့်ဘက်ကို အရိပ်ကျနေလို့၊ သစ်ရွက်ကြွေတဲ့ အမှိုက်လေးတွေ ကျကျလာလို့ ဆိုတာတွေလည်းပါတယ်။

ကိုယ့်ဘာသာနေတဲ့အိမ်ကို ကိုယ်ကြိုက်တဲ့နေရာမှာဆောက်မယ်၊ ဘယ်သူ့မှခွင့်တောင်းစရာမလိုဘူးဆိုပြီး အိမ်ဆောက်လိုက်ရာကတစ်ဆင့် ဝင်လမ်းထွက်လမ်းမရှိတော့လို့ လာဖွင့်ပေးပါဦးဆိုပြီး တိုင်တာတွေလည်းရှိတယ်။ လယ်ယာမြေဥပဒေနှင့်အညီ စီမံခန့်ခွဲမှုကိုမနာခံဘဲနဲ့ သူ့ဘာသာ ဦးရာလူစနစ်နဲ့ ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးနေတာတွေကို ဘယ်လိုလုပ်ရတော့မလဲဆိုပြီး တိုင်လာကြတာတွေလည်းရှိတယ်။ ကိုယ့်အိမ်ဘေးကနေ နာရေးလမ်းကြောင်း အဖြတ်မခံလို့တိုင်တာ၊ အိမ်ဘက်ကို အမှိုက်အပစ်မခံချင်လို့တိုင်တာ၊ ဟိုဘက်အိမ်က ညကြီးအချိန်မတော် အသံချဲ့စက်ကြီး ဖွင့်ဖွင့်နေလို့တိုင်တာ၊ ဘေးနားက ကွမ်းသီးပေါင်းဖိုကြီးက၊ ပဲလှော်ဖိုကြီးက ညှော်နံ့တွေထွက်နေလို့တိုင်တာ၊ ကြက်ခြံကြီးကထွက်လာတဲ့ အနံ့အသက်တွေကို မခံနိုင်တော့လို့တိုင်တာ၊ ခါတိုင်းသွားနေကျ၊ လာနေကျလမ်းကို ပိတ်သွားလို့တိုင်တာ၊ ရွာထဲကကျလာတဲ့ရေကို သူ့ဘက်အစီးမခံဘဲ ကန်သင်းတွေလျှောက်ပိတ်လိုက်လို့ အထက်ကအိမ်တွေ ရေမြုပ်ကုန်လို့တိုင်တာ စသည်စသည်အားဖြင့် တိုင်ကြတောကြတဲ့အကြောင်း အရာတွေက စုံလို့ပါပဲ။

တိုင်စာအမျိုးအစားတွေကို ပြောပြီးတဲ့နောက်မှာတော့ တိုင်စာရဲ့ဦးတည်ချက်တွေကိုလည်း ဆက်ပြီးပြောဖို့ လိုဦးမယ်ထင်ပါတယ်။ ဦးတည်ချက်တွေမျိုးစုံရှိတယ်။ တချို့တိုင်စာတွေက ကိုယ့်ရဲ့နစ်နာမှု၊ အများပြည်သူရဲ့နစ်နာမှုကို ပြန်လည်ကုစားနိုင်ဖို့၊ နစ်နာဆုံးရှုံးမှုအတွက် ထိုက်သင့်တဲ့ လျော်ကြေးဖြစ်စေ၊ နစ်နာကြေးဖြစ်စေ၊ အစားပြန်လည်တောင်းဆိုတာမျိုးဖြစ်စေ၊ ကိုယ့်ဘက်က ဆုံးရှုံးသွားတာတွေကို ပြန်လည်ရရှိဖို့ တောင်းဆိုကြတာပါ။

ဒါပေမဲ့ တစ်ဖက်မှာလည်း ကိုယ်ဆုံးရှုံးတာကို တောင်းဆိုဖို့ထက် အဲ့သလိုဆုံးရှုံးအောင်လုပ်ခဲ့တဲ့ ဘယ်သူ့ကို ဘယ်လိုအရေးယူပေးပါ၊ ဘယ်အခြေအနေအထိ အရေးယူပေးပါဆိုတာမျိုးတွေလည်း ရှိသေးတယ်။ တစ်ခါတစ်ခါကျတော့ အရေးယူပေးဖို့တိုင်တဲ့စာကို စစ်ဆေးတဲ့သူကစစ်ဆေးတယ်၊ သူ့ရဲ့တိုင်ကြားချက်အပေါ်မှာ စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်ပြီးတော့ သုံးသပ်တာတွေ၊ အကြံပြုတာတွေလုပ်တယ်၊ ဆုံးဖြတ်ချက်တစ်ခုခု ချလိုက်တယ်ပေါ့။ အဲ့ဒီအချိန်မှာ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာဘူးဆိုရင် စစ်ဆေးခဲ့တဲ့သူကိုပါ အရေးယူပေးပါ၊ သူက ဒီကိစ္စအပေါ်မှာ ဘက်လိုက်စစ်ဆေးခဲ့တာဖြစ်ပါတယ်ဆိုပြီး စစ်တဲ့သူပါ အမှုတွဲထဲပါသွားတာမျိုးလည်း ရှိပြန်ပါတယ်။

တချို့ကျတော့လည်း တိုင်စာမရေးဘူး။ တိုင်စာမှာက တာဝန်ခံရတဲ့ အချက်လေးတွေရှိနေတယ်။ ဘယ်သူဘယ်ဝါက တိုင်တယ်ဆိုရင် အဲ့ဒီအပေါ်မှာ စစ်ဆေးတဲ့အခါ တိုင်ကြားသူကိုယ်တိုင်ကလည်း ထွက်ဆိုချက်ပေးရတာဖြစ်တဲ့အတွက် တိုင်ကြားခံရသူရဲ့ ငြိုငြင်မှုကိုခံရတတ်တယ်။ ဒီတော့ တိုင်စာမရေးတော့ဘူး။ ပစ်စာပဲ ရေးတယ်။ ပစ်စာဆိုတာကတော့ တိုင်ကြားတဲ့အကြောင်းအရာ၊ အရေးယူစေချင်တဲ့သူရဲ့ အကြောင်းအရာတွေသာ ပါပြီးတော့ ပစ်စာရေးတဲ့သူရဲ့ နာမည်တွေ၊ နေရပ်လိပ်စာတွေမပါတဲ့ဟာပါ။ ဒီတော့ စစ်ဆေးတာကိုတော့ ခံရတယ်။ ဘယ်သူကတိုင်လို့တိုင်မှန်း မသိဘူးဆိုတာမျိုးပေါ့။ ခံရတဲ့သူမှာလည်း အောင့်သက်သက်ကြီး ဖြစ်နေတော့တယ်။ ကိုယ့်ကိုတိုင်တာက ကိုယ့်အနီးအနားကလူလား၊ ကိုယ့်ပတ်ဝန်းကျင်ထဲက တစ်ယောက်ယောက်များလား၊ ဘယ်တစ်ယောက်များ ဖြစ်လေမလဲ စသည်အားဖြင့် သို့လောသို့လော သံသယတွေပွားရင်းနဲ့ စနိုးစနှောင့်ဖြစ်ကြရတယ်။ တချို့ကလည်း ပစ်စာဆိုမှတော့ စိစစ်မနေတော့နဲ့၊ ဒီစာကိုရေးတဲ့သူကိုယ်တိုင်ကမှ သူ့ဟာသူ တာဝန်မခံရဲတဲ့ကိစ္စကို ဆက်ပြီးစိစစ်မနေတော့နဲ့ဆိုပြီး သဘောထားလိုက်တာတွေလည်း ရှိပါတယ်။

ဟုတ်တော့ဟုတ်တယ်။ တချို့စာတွေက ကိုယ့်နစ်နာချက်ကို တိုင်ကြားတဲ့သဘောမျိုးမဟုတ်ဘဲနဲ့ ဘယ်သူဘယ်ဝါ ဒုက္ခရောက်ပါစေတော့ ဆိုတဲ့သဘောမျိုးနဲ့သာ ရေးသားထားတဲ့ဟာမျိုး ဖြစ်နေတယ်။ ပုတ်ခတ်လိုခြင်းသက်သက်ကြောင့်သာ ရေးတဲ့စာမျိုးဖြစ်နေတယ်။ အဲ့သလို အရေးခံရလို့ ဒုက္ခရောက်သွားသူတွေလည်း ရှိတာပေါ့။

အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ တိုင်လိုက်တယ်၊ စိစစ်တယ်၊ အရေးယူတယ်။ ဒီလိုအရေးယူတာကို မကျေနပ်လို့ ထပ်တိုင်တယ်။ ထပ်စစ်တယ်။ ဆုံးဖြတ်ချက်ကျလာတော့ မကျေနပ်လို့ စစ်ဆေးခဲ့တဲ့သူကိုပါ အရေးယူပေးဖို့ ထပ်တိုင်တယ်။ နောက်တစ်ခါစစ်တော့ မူလက စစ်ဆေးခဲ့တဲ့သူတွေက တရားခံစာရင်းထဲ ရောက်သွားတယ်။

အကြောင်းအရာတစ်ခုတည်းအပေါ်မှာ အကြိမ် ၉၀ ကျော်အထိ တိုင်တာမျိုးလည်း တွေ့ရဖူးတယ်။ သူလိုချင်တဲ့အဖြေ မရမချင်းကို တိုင်နေတော့တာ။ အဲ့သလို အကြိမ်ရေ ၉၀ ကျော်၊ ၁၀၀ နီးပါးအထိ တိုင်စာရေးနိုင်တဲ့အတွက်လည်း သူ့ကိုယ်သူ ဂုဏ်ယူလိုတဲ့သဘောရှိနေတယ်။ ၉၆ ကြိမ်မြောက်တိုင်စာအတွက် လာစစ်ဆေးတာကို၊ စစ်ဆေးတဲ့အဖွဲ့က မပြန်သေးဘူး၊ ၉၇ ကြိမ်မြောက်တိုင်စာ မိတ္တူလေးကို စစ်ဆေးရေးအဖွဲ့ရဲ့ လက်ထဲ လာထည့်သွားတာကို တွေ့ခဲ့ရဖူးပါတယ်။

တကယ်နစ်နာတဲ့အတွက် တိုင်စာရေးနေသူတွေကိုတော့ ချီးကျူးရမှာပါ။ ကိုယ့်ရဲ့နစ်နာချက်ကို မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်တင်ပြရဲတဲ့အတွက် ချီးကျူးရမှာပါ။ တချို့ကျတော့လည်း တိုင်စာရဲ့ ရည်ရွယ်ချက်ကိုက လွဲနေတယ်။ ကိုယ်နစ်နာလို့ရယ်လို့ မဟုတ်ဘူး။ တစ်ဖက်လူခံရဖို့အတွက် ဖြစ်နေတယ်။

တစ်ခါတစ်ခါကျတော့ မှားတဲ့လမ်းကြောင်းကြီးအတိုင်း စာတွေက ရောက်လာတယ်။ တရားဥပဒေလမ်းကြောင်းအရ ရှုံးနိမ့်ခဲ့တဲ့ကိစ္စတွေအပေါ်မှာ ပြန်လည်စိစစ် ဖြေရှင်းပေးဖို့ဆိုပြီးတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်ကို လာတိုင်နေတယ်။ ဒါက ဒီဘက်က ရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး၊ ဥပဒေနဲ့အညီ စစ်ဆေးစီရင်ထားတဲ့ကိစ္စသာဖြစ်တယ်၊ အဲ့ဒီအတိုင်းလိုက်နာဖို့လိုတယ်ဆိုတဲ့အကြောင်းကို ပြန်ရှင်းပြလို့လည်းမရဘူး။ မလုပ်ပေးရင် မလုပ်ပေးတဲ့အတွက် အရေးယူပေးဖို့ အထက်ကို တိုင်မယ်ဆိုတာမျိုးနဲ့လည်း ခြိမ်းခြောက်လိုက်သေးတယ်။ ဘယ်ကိစ္စကို အရေးယူပေးပါ၊ အရေးမယူရင် ဘယ်သူ့ဆီ တိုင်လိုက်မယ်ဆိုပြီး တိုက်ရိုက်ခြိမ်းခြောက်တာတွေရှိတယ်။

တိုင်တဲ့အပေါ်မှာ တုံ့ပြန်ပုံနည်းလမ်းတွေကလည်း အမျိုးမျိုးပေါ့။ တိုင်ကြားချက်တွေအပေါ်မှာ မမှန်မကန် ဆောင်ရွက်ခဲ့တဲ့သူအချို့လည်း ရှိခဲ့တယ်ဆိုတာကိုတော့ လက်ခံရမှာပါ။ ဒါပေမဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်နေပါလျက်နဲ့ နားလည်မှုလွဲမှားလို့ဖြစ်စေ၊ သက်သက်မဲ့ နစ်နာစေလိုတဲ့အတွက်ဖြစ်စေ တိုင်ကြားခံရတာမျိုးလည်း ရှိနေပြန်ပါတယ်။

ကိုယ်မဟုတ်တာမလုပ်ရင် ဘာမှုစရာရှိလဲ၊ တိုင်ပါစေပေါ့ဆိုပြီး ပြောချင်ပြောလိမ့်မယ်။ ဒါပေမဲ့ ဒီလိုလည်းမဖြစ်ပြန်ဘူး။ ကိစ္စတစ်ခုခုနဲ့ပတ်သက်လို့ တိုင်ကြားခံရတယ်။ အတိုင်ခံရလို့ စစ်ဆေးလိုက်တဲ့အခါ တိုင်တဲ့အတိုင်း မှန်နေတာလည်းရှိမယ်၊ ဒါမှမဟုတ် တိုင်စာက သက်သက်ကို နားလည်မှု လွဲပြီး တိုင်တာ၊ အတိုင်ခံရတဲ့သူမှာ အပြစ်မရှိဘူးလို့ တွေ့ရှိရတာမျိုးလည်း ရှိမယ်။ ဒါပေမဲ့ စစ်ဆေးတဲ့ဘက်မှာလည်း တစ်ခါတစ်ခါ အစွန်းတရားဘက်ကို ရောက်ရောက်သွားတတ်တာမျိုးလည်း ရှိနေတယ်။

ပထမအစွန်းတစ်ခုကတော့ ဘာတိုင်တိုင် အရေးယူစရာမလိုဘူး၊ ကိုယ့်လူဘက်က ကာပေးလိုက်မယ်ဆိုတဲ့ အခြေအနေပါ။ အစကတည်းက ဒီလိုဦးတည်ထားတာဖြစ်တဲ့အတွက် စစ်ဆေးတဲ့အခါမှာလည်း ကိုယ့်လူ သက်သာရာ သက်သာကြောင်းတွေကိုပဲ အရိပ်ပြ၊ နိမိတ်ပြမေးခွန်းတွေ အမျိုးမျိုးသုံးပြီး ဖန်တီးယူသွားတယ်။ ဒီတော့ လွတ်တယ်ပေါ့။ ဒုတိယအစွန်းကတော့ ဘယ်တိုင်တိုင်၊ အတိုင်ခံရတဲ့သူကို အရေးယူရမယ်ဆိုတဲ့ အခြေအနေပါ။ အတိုင်ခံရမှတော့ မှားယွင်းလို့၊ မကောင်းလို့သာအတိုင်ခံရတာပေါ့ဆိုပြီး မစစ်ဆေးမီကတည်းက စီရင်ချက်ချပြီးသား ဖြစ်နေတယ်။ ဒီတော့ သူ့ရဲ့ဦးတည်ချက်ကလည်း အတိုင်ခံရသူကို အရေးယူဖို့သာဖြစ်တဲ့အတွက် နည်းလမ်းတစ်ခုခုနဲ့တော့ အရေးယူလိုက်တယ်။ “တိုင်ကြားချက်အတိုင်း ပေါ်ပေါက်ခြင်းမရှိသော်လည်း နောင်အလားတူ မဖြစ်ပွားစေရေးအတွက်”ဆိုပြီးတော့တောင်မှ အရေးယူလိုက်တာမျိုး ရှိပါတယ်။

သေချာတာတစ်ခုကတော့ တိုင်ကြားစာတွေပေါ်ပေါက်တိုင်း၊ ပေါ်ပေါက်တိုင်း အတိုင်ခံရတဲ့သူမှာတော့ အတိုင်းအတာတစ်ရပ်အထိ ဂုဏ်သိက္ခာကို ထိခိုက်သွားပါတယ်။ တိုင်တာက ပြည်သူအချင်းချင်း ဖြစ်ချင်ဖြစ်မယ်၊ မဏ္ဍိုင်တစ်ရပ်ရပ်က လူတစ်ယောက်ယောက်ကို တိုင်တာဖြစ်ချင်ဖြစ်မယ်။ ဘယ်သူပဲဖြစ်ဖြစ် အတိုင်ခံရတယ်ဆိုမှတော့ သိပ်မကောင်းဘူးပေါ့။ ဒီလိုတွေးတာမျိုးလည်း ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် တိုင်စာတွေကတော့ တိုးသထက် တိုးလို့နေတယ်။ အရေအတွက်များလှပါတယ်ဆိုမှ တိုင်စာရေးပေးတဲ့သူဆိုတာမျိုးကလည်း သတ်သတ်ရှိနေပြန်တယ်။ ရှေ့နေသဖွယ် ဆောင်ရွက်ပေးတာပေါ့။ တချို့က တကယ့်ကို စေတနာသန့်သန့်နဲ့ တစ်ဖက်လူရဲ့နစ်နာမှုကို ကူညီဖြေရှင်းပေးချင်တဲ့ဆန္ဒနဲ့ တိုင်စာရေးပေးတာ။ တချို့ကျပြန်တော့ တိုင်စာရေးပေးတဲ့အတွက် အခကြေးငွေယူပြီး ရေးတာမျိုးတောင်ရှိတယ်။ ဉာဏ်ပူဇော်ခ ယူပုံယူနည်းကလည်း အမျိုးမျိုး။ တချို့က အကြောင်းအရာအပေါ် မူတည်ပြီးတော့ ယူတယ်။ တိုင်စာတစ်စောင်ကို ဘယ်လောက်ဆိုပြီး အပြတ်ယူတာ ရှိတယ်။ တချို့ကျတော့ စာမျက်နှာနဲ့တဲ့။ တစ်မျက်နှာကို ၅၀၀၀၊ ၁၀၀၀၀ စသည်အားဖြင့်ပေါ့။ စာမျက်နှာအရေအတွက်အတိုင်း ယူတဲ့သူကျတော့ တိုင်တဲ့သူက ဘာကိစ္စပဲတိုင်တိုင် သူ့ရဲ့ဦးတည်ချက်က စာမျက်နှာများဖို့ပဲ။ ဒီတော့ ဘယ်တိုင်စာမှာပဲဖြစ်ဖြစ် အခြေခံဥပဒေပုဒ်မတွေထည့်တယ်၊ နိုင်ငံတော်အကြီးအကဲတွေရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကို ကောက်နုတ်ချက် ပုံစံမဟုတ်ဘဲနဲ့ အစအဆုံးနီးပါး ကူးထည့်တယ်။ ဆိုင်ရာဆိုင်ရာဥပဒေ အကိုးအကားလေးတွေလည်း ဆိုင်မယ်ထင်သလို ဆွဲထည့်လိုက်တယ်။ ပြီးတာ့မှ တိုင်ချင်တဲ့အကြောင်းအရာလေးကို ဆွဲကပ်လိုက်တယ်။ ပြီးရော။ အနည်းဆုံးတော့ ငါးမျက်နှာ ခြောက်မျက်နှာလောက် ရောက်သွားတယ်။ တွက်ခြေကိုက်သွားပြီ။ ကြာလာတော့ တိုင်စာဖတ်ရတဲ့သူတွေက ဒါကတော့ ဘယ်သူရေးပေးတဲ့တိုင်စာ၊ ဒါကတော့ ဘယ်သူ့လက်ရာဆိုတာကို တိုင်စာမြင်ရုံနဲ့ အလိုလိုသိပြီးသား ဖြစ်နေတော့တယ်။

ပြီးရင် ပို့တဲ့ကိစ္စ။ လိပ်မူတာတို့၊ မိတ္တူပေးတာတို့ကလည်း နည်းလမ်း အသစ်လေးတောင် ထွက်နေတယ်။ သူ့နည်းက ထူးတော့ထူးဆန်းတယ်။ ပုံမှန်ရုံးစာရေးကြတဲ့နည်းကတော့ ဌာန၊ အဖွဲ့အစည်းတစ်ခုခုဆီကို လိပ်မူပြီး၊ ကျန်တဲ့နှစ်ဌာန၊ သုံးဌာနလောက်ကို မိတ္တူပေးတယ်ဆိုရင် လိပ်မူတာက ဘယ်သူ၊ မိတ္တူအပေးခံရတာက ဘယ်သူဆိုပြီးတော့ သိသာနေတယ်။ ရုံးလုပ်ထုံးလုပ်နည်းတွေကလည်း သာမန်အားဖြင့် မိတ္တူပေးတယ်ဆိုတာ သိရှိရုံသက်သက်ပဲလို့ သဘောထားတယ်။ ကိုယ့်ဆီကို လိပ်မူလာမှ အရေးယူ ဆောင်ရွက်တယ်။ ဒါကသာမန်ယေဘုယျ အခြေအနေကိုပြောတာပါ။ ဒီအခြေအနေကိုသိလာတော့ တိုင်စာဝန်ဆောင်မှုပေးတဲ့သူတွေက နည်းတစ်ခု ထွင်လိုက်တယ်။ လိပ်မူတာကတော့ တစ်ဌာနပေါ့။ မိတ္တူက ဌာနကိုးခု၊ ဆယ်ခုပေါ့။ ဒီ့ထက်ပိုရင်လည်း ပိုမှာပေါ့။ အဲ့သလိုပို့တဲ့အခါမှာ ဒီရုံးပို့တော့ ဒီရုံးလိပ်စာကို လိပ်မူတဲ့အထဲ ထည့်တယ်၊ ကျန်တဲ့ဟာတွေ မိတ္တူပေါ့။ နောက်တစ်ရုံးပို့တော့ အဲ့ဒီရုံးရဲ့လိပ်စာက လိပ်မူဖြစ်သွားတယ်၊ စောစောက ရုံးက မိတ္တူထဲပါသွားတယ်။ အဲ့သလိုပဲ၊ ရုံးတိုင်းရုံးတိုင်းမှာ လိပ်မူတွေချည်းပဲ ရောက်သွားတယ်။ ဒါက အခုနောက်ပိုင်းထွင်လာကြတဲ့စနစ်တစ်ခုပေါ့။ ဆိုင်ဆိုင်၊ မဆိုင်ဆိုင်ကြီးတဲ့ရုံးမှန်သမျှကို ပို့ပစ်လိုက် တယ်။ ဒီတော့ အရေအတွက်လည်း များသွားတာပေါ့။

အဲ့သလို စာရွက်အများကြီး၊ လိပ်မူအများကြီးနဲ့ ရေးပေးတဲ့သူနဲ့ကြုံရတော့ မူလကမှ တစ်ခုခုကြောင့် နစ်နာဆုံးရှုံးခဲ့ရလို့ တိုင်စာလေး အရေးခိုင်းမိပါတယ်၊ တိုင်စာရေးခတွေရော၊ ကွန်ပျူတာစာစီခ၊ မိတ္တူကူးခ၊ စာပို့ခတွေကြောင့် ထပ်ပြီး ငွေကုန်ရပြန်ရောဆိုတဲ့ကိန်း ဆိုက်သွားတယ်။ တိုင်စာလက်ခံရရှိတဲ့နေရာတွေမှာလည်း အလုပ်တွေ ပိုသွားတယ်။ မလိုအပ်တဲ့ စာရွက်စာတမ်းစရိတ်စကတွေ ပိုကုန်သွားတယ်။ တကယ်ကတော့ သူနဲ့ သက်ဆိုင်တဲ့ ဌာနလောက်ကိုပဲ ပို့သင့်တာပါ။ အဲ့ဒီဌာနက အရေးယူမပေးလို့ သူ့ထက်ကြီးတဲ့ဌာနကို ထပ်တင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာကတော့ တင်သမျှစာ တော်တော်များများက ပြည်ထောင်စုအဆင့်ဆီ လိပ်မူတာချည်းပဲ။

တိုင်စာရေးပေးတဲ့သူတွေမှာလည်း ရည်ရွယ်ချက်အမျိုးမျိုးရှိမှာပေါ့။ တချို့က နစ်နာသူတွေအတွက် ကူညီပေးလိုတဲ့စေတနာကြောင့် ပရဟိတတစ်ခုအနေနဲ့ လုပ်ကိုင်ပေးနေကြတာပါ။ တချို့ကျပြန်တော့လည်း တစ်ဖက်လူ ဒုက္ခရောက်စေလိုတဲ့အတွက်၊ တစ်ဖက်လူကို နစ်နာစေလိုတဲ့အတွက် ရေးကြတာပါ။

တစ်ဖက်လူကို ထိုးနှက်လိုတဲ့ဇောနဲ့ ရေးတဲ့တိုင်စာတွေမှာကျတော့ အစွန်းရောက်တဲ့ ပြောဆိုရေးသားချက်တွေက ပါနေတယ်။ တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာကို ထိပါးလောက်အောင် ရေးထားတာမျိုးတွေ ဖြစ်နေတယ်။ တချို့ရေးသားချက်တွေက တော်တော်ကိုပြင်းထန်နေတယ်။ ခံရတဲ့သူမှာလည်း တော်တော်လေးကို အောင့်သီအောင့်သက်ဖြစ်သွားတယ်။ ဒါပေမဲ့ ဒီလိုရေးတဲ့အတွက်ဆိုပြီးတော့ တိုင်ကြားစာမှာ လက်မှတ်ရေးထိုးတဲ့သူကို ပြန်လည်အရေးယူဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကာယကံရှင်တွေက တကယ့်ကို ရိုးသားတဲ့သူတွေ ဖြစ်နေတယ်။ “ဒီစာကို လက်မှတ်ထိုးရင် ကျုပ်တို့နစ်နာခဲ့တာလေးတွေ ပြန်ရမယ်ဆိုလို့သာ ထိုးလိုက်တာပါဗျာ၊ ဘာတွေရေးထားမှန်းတောင် မဖတ်လိုက်မိပါဘူး”ဆိုတဲ့သူမျိုး လည်းရှိနေတယ်။ ထိပါးပုတ်ခတ်မှုရဲ့ မူရင်းလက်သည်ကတော့ ကန့်လန့်ကာရဲ့နောက်မှာ ကွယ်နေတယ်။ ဒီတော့ ခံရတဲ့သူတွေဘက်ကလည်း တိုင်တဲ့သူကို အရေးယူလို့လည်းမရ၊ တိုင်စာဝန်ဆောင်မှုလုပ်ငန်းရှင်ကြီးကိုလည်း အရေးယူလို့မရနဲ့ ဒီလိုပဲ ဆက်ခံနေရတော့တာပေါ့။

အမှန်တော့ ကိုယ့်ဘာသာရေးတာပဲဖြစ်ဖြစ်၊ ကြားလူတစ်ယောက်ယောက်က ရေးပေးတာပဲဖြစ်ဖြစ် ကိုယ်နဲ့ဆိုင်တာကို ကိုယ့်ဘာသာ တာဝန် ယူမှုလေးတော့ ရှိသင့်ပါတယ်။ မှန်တယ်ထင်တဲ့အချက်ကိုပဲ ရေးသင့်ပါ တယ်။ ဆိုင်တယ်ထင်တာကိုပဲ ရေးသင့်ပါတယ်။ ဒီလိုတွေ ကမောက်ကမ ဖြစ်မှု၊ အမြီးအမောက်မတည့်မှုတွေကို သိလို့ထင်ပါရဲ့၊ ဟိုတစ်လောကတော့ တိုင်ကြားစာရေးနည်းသင်တန်း ဆိုပြီးတော့တောင်မှ ဖွင့်လိုက်တာကို တွေ့ရတယ်။ သင်တန်းသားတွေအတွက် နေစရိတ်၊ စားစရိတ်အငြိမ်းဆိုပဲ။ ကောင်းပါတယ်။ အဲ့သလိုမျိုးတွေ လုပ်ပေးနိုင်မှသာ ရေးလာတဲ့တိုင်စာတွေကလည်း လိုရင်းကို ထိထိမိမိရောက်သွားပြီးတော့ တုံ့ပြန်ဖြေရှင်းပေးရမယ့်ဘက်ကလည်း ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှာပါ။

ကိုယ့်ရဲ့နစ်နာချက်အပေါ်မှာ ကိုယ်ကိုယ်တိုင် ရေးသားတိုင်ကြားတဲ့သူ၊ တစ်ဖက်လူအတွက် ဝန်ဆောင်မှုပေးတဲ့သူ၊ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်က ဘာတွေ နစ်နာသလဲ၊ ကိုယ့်လူက ဘာတွေနစ်နာသလဲ၊ ဘာဖြစ်စေချင်တာလဲ ဆိုတဲ့အချက်တွေကို သေသေချာချာ သုံးသပ်ပြီးတော့မှ လိုရင်းကို ထိထိရောက်ရောက်၊ ကျစ်ကျစ်လျစ်လျစ် ရေးသင့်ပါတယ်။

အဲ့သလိုမလုပ်လို့ တိုင်စာကြောင့် အလကားနေရင်း ပိုနစ်နာသွားရတဲ့သူတွေလည်းရှိပါတယ်။ ဥပမာ - လယ်ယာမြေမှုခင်းဆိုပါတော့။ အဖွဲ့တစ်ဖွဲ့က ဆုံးဖြတ်ချက်ချလိုက်တယ်။ အမှန်က ဒီဆုံးဖြတ်ချက်အပေါ်မှာ သတ်မှတ်ကာလအတွင်း တစ်ဆင့်မြင့်အဖွဲ့ဆီ အယူခံလွှာတင်သွင်းရမှာ။ အဲ့ဒါကို အယူခံမဝင်ဘဲနဲ့ ဘယ်လိုစစ်ဆေးနေပါတယ်၊ ဘယ်သူ့ကို အရေးယူပေးပါဆိုတာချည်း အကြိမ်ကြိမ်တိုင်နေတော့ ဒီဘက်က အတိုင်ခံရတဲ့သူ အရေးယူ ခံရတာ မခံရတာထက် ကိုယ့်ကိစ္စက အယူခံကာလကျော်လွန်သွားပြီး မနစ်နာသင့်ဘဲနဲ့ နစ်နာ၊ မူလအမိန့်အတည်ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။

ဒါ့ကြောင့် ဘာကိစ္စပဲနစ်နာနစ်နာ၊ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဖြစ်ခဲ့တာတွေကို မှန်မှန်ကန်ကန်နဲ့ ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေဖြစ်စေချင်တယ်ဆိုတာကို လိုရင်းရောက်အောင် ကျစ်ကျစ်လျစ်လျစ် တင်ပြသင့်တယ်လို့ ဆိုချင်ပါတယ်။ အလကားနေရင်း လျှောက်ရမ်းနေတာမျိုးတော့ ရှောင်သင့်ပါတယ်။

တချို့ကျတော့လည်း တိုင်စရာလိပ်စာလေးတစ်ခုရလာတာနဲ့ ဘယ်ကိစ္စများ တိုင်ရရင်ကောင်းမလဲလို့ ထိုင်စဉ်းစားနေတယ်။ ဆက်စရာ ဖုန်းနံပါတ်လေးရလာတော့ ဘာလေးများ ကောက်တိုင်လိုက်ရမလဲလို့ ထိုင်စဉ်းစားနေတယ်။ ဘာကိစ္စရှိလို့လဲ၊ ဘာဆောင်ရွက်ပေးရမလဲလို့ မေးလိုက်တော့ “အခုတော့ ဘာမှတိုင်စရာ မရှိသေးပါဘူးဗျာ၊ နောင် တိုင်စရာရှိလာတဲ့အခါ ဆက်ရအောင်လို့ ဒီဖုန်းနံပါတ် မှန်မမှန် ဆက်ကြည့်ထားနှင့်တာဗျ”တဲ့။

ဘာပဲဖြစ်ဖြစ်ပါ။ နစ်နာနေပါလျက်နဲ့ မတိုင်ရဲမတောရဲဖြစ်နေတာလည်း မကောင်းဘူး။ ဘာမှမနစ်နာဘဲ ဟိုပတ်ရမ်း ဒီပတ်ရမ်းလုပ်နေတာလည်း မဖြစ်သင့်ဘူး။ မှန်မှန်ကန်ကန်နဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို အဖြေတစ်ခုရှာဖို့သာ ဦးတည်ကြရမှာပါ။

ဒီတော့ တိုင်ကြားစာရေးနည်းသင်တန်းတွေလည်း တက်နိုင်ကြပါစေ။ မှန်မှန်ကန်ကန်လည်း ရေးနိုင်ကြပါစေ။ တစ်ဖက်လူရေးပေးတဲ့ မဟုတ်တမ်းတရား စွပ်စွဲချက်တွေကို ရမ်းသန်းလက်မှတ်ရေးထိုးမိလို့ အလကားနေရင်း အငြိုငြင်ခံကြရမယ့်ဘေးတွေကလည်း ကင်းဝေးကြပါစေ။ တိုင်ကြ တောကြ ဤလောကမှာ အလကားနေရင်း မောရတဲ့ဒုက္ခတွေလည်း ကင်းဝေးကြပါစေလို့ ...။

သိုက်စိုးထွန်း(နတ်ရွာ)



FOLLOW US