News

POST TAGGED AS

ဘေးအန္တရာယ်

ကရင်သဘာဝဘေးအတွက် အရေးပေါ်ငွေ ကျပ်သိန်းတစ်ထောင်ထားရှိ
ဘားအံ၊ ဇူလိုင် ၂၆ 

ကရင်ပြည်နယ်အတွင်း အရေးပေါ် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံပါက အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်းတစ်ထောင်ကို ယင်းပြည်နယ်အစိုးရသို့ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

လတ်တလောရေဘေးဖြင့် တွေ့ကြုံနေရသော ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့နှင့် မြဝတီမြို့နယ်များတွင် ရေဘေးရှောင်ပြည်သူများကို ၎င်းက လာရောက်တွေ့ဆုံစဉ် ထိုသို့ပေးအပ်သွားခြင်းဖြစ်ပြီး လက်ရှိရေဘေးသင့်သူ ၁၅၀၀၀ ကျော်ကိုလည်း ယင်းဌာနမှ ကျပ်သိန်း ၃၀၀ နီးပါး ပေးအပ်ခဲ့သည်။

“ပြည်နယ်အစိုးရကနေပြီး အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီကို တင်လိုက်ပြီဆိုရင် အဲဒါကို ကျွန်တော်တို့က ပြန်ပြီးထုတ်ပေးဖို့ အနေအထား ပြင်ဆင်ထားပါတယ်။ ဒီဘက်ကတော့ အသေးစိတ် တွက်ချက်ပြီးတင်ပြရမယ်။ ခုလောလောဆယ်တော့ ရေပြန်ကျချိန်ကျရင် နေရပ်မှာလူတွေပြန်နေနိုင်အောင် ဓာတ်ဆားထုပ်တို့၊ ရေသန့်ဆေးပြားတို့ အဲ့ဒါတွေကအစ ကျွန်တော်တို့စီမံပေးထားပါတယ်”ဟု ဦးသန်းထွဋ်ဆွေက ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် သီးနှံစိုက်ခင်းများနှင့် လမ်းတံတားပျက်စီးမှုများအတွက် သက်ဆိုင်ရာဌာနမှ အရေးပေါ် ရန်ပုံငွေနှင့်မလုံလောက်ပါက ပြည်နယ်အစိုးရမှတစ်ဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(နေပြည်တော်)သို့ တင်ပြတောင်းခံနိုင်ကြောင်း ၎င်းကဆိုသည်။

“ခုတော့ လမ်းတံတား ပျက်စီးမှုတွေကို အကုန်လုံး လိုက်ကြည့်နေတယ်။ ပျက်စီးတဲ့တံတားတွေကို ခုလောလောဆယ် ဘေလီတံတားထိုးဖို့အတွက်ရာ တံတားအထူးအဖွဲ့ (၁၄) (မော်လမြိုင်) ကနေ သယ်ဆောင်ရောက်ရှိပြီး ကရိန်းတွေလည်း ရောက်နေပါပြီ။ အထူးပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကနေ လုပ်ဆောင်ရမှာပါ။ ခုစာရင်းဇယားတွေလည်း ပြုစုထားပါတယ်”ဟု ဘားအံခရိုင် အင်ဂျင်နီယာမှူး ဦးကျော်သူရက ပြောကြားသည်။

ဘေလီတံတားများသည် လမ်းရေကျော်နေသည့်အချိန်တွင်ပင် တည်ဆောက်နိုင်သည့်အတွက် ယာယီသွားလာမှု အဆင်ပြေစေရန်တည်ဆောက်ခြင်းဖြစ်ပြီး အမြဲတမ်း အသုံးပြုရန်အတွက် ကွန်ကရစ်တံတားသစ်များ တည်ဆောက်ရန်အတွက် သီးခြားတင်ပြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုများနှင့် လမ်းရေကျော်မှုများကြောင့် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်အတွင်းမှ ၁၀ ပေအရှည်ရှိ ကွန်ကရစ်တံတားတစ်စင်း၊ ပေ ၆၀ အရှည်ရှိ ကွန်ကရစ်တံတားတစ်စင်း၊ ပေ ၅၀ အရှည်ရှိ သစ်သားတံတားတစ်စင်း၊ ပေ ၄၀ အရှည်ရှိ သစ်သားတံတားတစ်စင်းတို့ပျက်စီးခဲ့ရပြီး ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကျော်ပြီး လမ်းပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်လမ်း ဦးစီးဌာနထံမှ သိရသည်။

R-17



FOLLOW US