News

POST TAGGED AS

ဘောလုံးအသင်း

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြအဖြစ် ဂျပန်နိုင်ငံသားကို ခန့်အပ်ရန် နီးစပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ 

မြန်မာဘောလုံးအဖွဲ့ချုပ်သည် ရာထူးလစ်လပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသားနည်းပြကို ခန့်အပ်နိုင်ရန် နီးစပ်နေပြီဟု သိရှိရသည်။ 

မြန်မာဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို တာဝန်ယူဦးဆောင်ခဲ့သည့် နယ်သာလန်နိုင်ငံသား နည်းပြချုပ် ရော်ဂျာရိုင်နာနှင့် လမ်းခွဲလိုက်အပြီးတွင် ယင်းနေရာကို အစားပြန်ဖြည့်ရန်အတွက် နည်းပြသစ် ရှာဖွေခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဂျပန်ဘောလုံးအဖွဲ့ချုပ်၏ အကူအညီဖြင့် ဂျပန်နိုင်ငံသား နည်းပြကို ခေါ်ယူနိုင်ရန် အခြေအနေကောင်းများကို ပိုင်ဆိုင်လာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောကြားသည်။ 

“နည်းပြရာထူးအတွက် ဂျပန်နိုင်ငံက နည်းပြကိုခန့်ဖို့က သူတို့ဘောလုံးအဖွဲ့ချုပ်နဲ့ပဲ ညှိဖို့ကျန်တော့တယ်။ ခေါ်ဖို့က သေချာနေပေမယ့် သူဘယ်တော့ ဒီကိုလာမလဲဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ပြောကြားသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် နယ်သာလန်နိုင်ငံသား နည်းပြ ရော်ဂျာကို ၎င်းနှင့်ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့် အောက်တိုဘာလကုန်တွင် လမ်းခွဲလိုက်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံသားများမှာ မြန်မာအသင်းကို တာဝန်ယူခဲ့ဖူးခြင်းကြောင့်  ပိုမိုအသားကျနိုင်သည့်အတွက် ဂျပန်နိုင်ငံသားကို ခေါ်ယူရန် စီစဉ်ခြင်းဖြစ်ကာ နှစ်ဆန်းပိုင်းတွင် ခန့်အပ်နိုင်ရန် လျာထားသည်ဟု သိရှိရသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဂျပန်နိုင်ငံသားနည်းပြကို ၂၀၁၅ ခုနှစ်က နောက်ဆုံး ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ နည်းပြဖြစ်သူ မစ္စတာကူမာဒါမှာ မြန်မာအမျိုးသမီးအသင်းကို SEA Games ပြိုင်ပွဲနှင့် အာဆီယံပြိုင်ပွဲများတွင် တတိယနေရာကို ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ အာဆီယံဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးအသင်း နည်းပြဆုကိုလည်း ၂၀၁၄ ခုနှစ်က ရယူနိုင်ခဲ့သူ ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို နောက်ဆုံးတာဝန်ယူခဲ့သော အသက် ၅၃ နှစ်အရွယ်ရှိ နယ်သာလန်နိုင်ငံသားနည်းပြ ရော်ဂျာရိုင်နာသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ ယခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲပြီးသည်အထိ အသင်းကို ဦးဆောင်ခဲ့ကာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယဆုနှင့် ၂၀၁၇ ခုနှစ် ၂၉ ကြိမ်မြောက် မလေးရှား SEA Games ပြိုင်ပွဲတို့တွင် တတိယဆုတို့သာ ၎င်းက ရယူပေးနိုင်ခဲ့သည်။ 

J-04



FOLLOW US