News

POST TAGGED AS

ဘောလုံးအသင်း

18-Sep-2017

ဘောလုံးအသင်း
ပင်နယ်တီကန်ရန်အတွက် ကစားသမားတစ်ဦး အတိအကျ သတ်မှတ်ပေးရတော့မည်ဖြစ်ကြောင်း အမ်မရီ ဖွင့်ဟဝန်ခံ

ပဲရစ်၊ စက်တင်ဘာ ၁၈

ပီအက်စ်ဂျီအသင်းနည်းပြ ယူနိုင်းအမ်မရီသည် ပီအက်စ်ဂျီက လိုင်ယွန်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် အသင်းရရှိသည့် ပင်နယ်တီ အခွင့်အရေးအတွက် ပင်နယ်တီကန်ရန် ကစားသမားတစ်ဦး အတိအကျ သတ်မှတ်ပေးရမည့် အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း ဖွင့်ဟဝန်ခံသွားခဲ့သည်ဟု Goal က ဖော်ပြထားသည်။

ပီအက်စ်ဂျီနှင့် လိုင်ယွန်တို့ ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ ပြင်သစ်လီဂူးပွဲစဉ်တွင် ပွဲကစားချိန် ၇၉ မိနစ်၌ ပီအက်စ်ဂျီအသင်းအတွက် ပင်နယ်တီ အခွင့်အရေးရရှိခဲ့ပြီး ယင်းပင်နယ်တီကို ကန်သွင်းရန်အတွက် နေမာနှင့် ကာဗာနီတို့ စကား အချေအတင် ဖြစ်ခဲ့ကြသေးသည်။

ကာဗာနီနှင့် နေမာတို့သည် ပီအက်စ်ဂျီထံသို့ နေမာ ပြောင်းရွှေ့ရောက်ရှိလာပြီးချိန်ကတည်းကပင် အသင်းအတွက် ပင်နယ်တီကန်ခွင့်ရရှိပါက သူကန်မည်၊ ငါကန်မည်ဟု အမြဲတစေ ငြင်းခုံသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိပြီး ပီအက်စ်ဂျီက လိုင်ယွန်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ယင်းပွဲစဉ်တွင် ကာဗာနီမှာ ပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရသည့် အခြေအနေတစ်ရပ်၌ နောက်ခံလူ အဲလ်ဗက်စ်နှင့်လည်း စကား အချေအတင် ဖြစ်ခဲ့သေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် နည်းပြ အမ်မရီက “ပထမအဆင့်အနေနဲ့ သူတို့နှစ်ယောက်ကို မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးခိုင်းပါမယ်။ သူတို့နှစ်ယောက်အကြားမှာ ပုဂ္ဂိုလ်ရေး အမြင်မကြည်တာမျိုးတွေ ဖြစ်လာမှာကို ကျွန်တော် မလိုလားပါဘူး။ လက်ရှိအချိန်အထိတော့ ပင်နယ်တီရရင် ဘယ်သူပဲ ကန်ရမယ်လို့ ကျွန်တော် သတ်မှတ် မပေးထားပါဘူး။ သူတို့နှစ်ယောက်လုံးကို ကျွန်တော် အခွင့်အရေး ပေးထားပါတယ်။ တကယ်လို့ သူတို့နှစ်ယောက်ကြားမှာ သဘောတူညီမှုတစ်ခု မရခဲ့ရင်တော့ ကျွန်တော်ကိုယ်တိုင် ပင်နယ်တီကန်မယ့်သူကို သတ်မှတ်ပေးရတော့မှာပါ”ဟု ပြောကြားသွားခဲ့သည်။



FOLLOW US