News

POST TAGGED AS

ဘောလုံးအသင်း

ယူ ၁၈ နည်းပြ ဘန်လာဘီကို နှစ်လစာလျော်ကြေးပေးကာ ထုတ်ပယ်

ရန်ကုန်၊ စက်တင်ဘာ ၁၈

အာဆီယံချန်ပီယံရှစ် ယူ ၁၈ ပြိုင်ပွဲတွင် ရလဒ်ဆိုးများ ကြုံခဲ့ရသည့်အတွက် မြန်မာ ယူ ၁၈ အသင်းနည်းပြချုပ် ပြင်သစ်နိုင်ငံသား ဘန်လာဘီကို နှစ်လစာ လျော်ကြေးပေးကာ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ယင်းပြိုင်ပွဲတွင် ရလဒ်မှာဆိုးရွာခဲ့သည့်အပြင် တတိယနေရာလုပွဲတွင် အင်ဒိုနီးရှားအသင်းကို ခုနှစ်ဂိုးတစ်ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့်အတွက် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘန်လာဘီနှင့် နှစ်ဖက် သဘောတူ လမ်းခွဲလိုက်ခြင်းဖြစ်သည်ဟု MFF ကထုတ်ပြန်ခဲ့သည်။

ဘန်လာဘီ၏ စာချုပ်သက်တမ်းမှာ ဒီဇင်ဘာလအထိ ကျန်ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နှစ်လစာ လျော်ပေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံသား ဘန်လာဘီနှင့် လမ်းခွဲခဲ့ပြီဖြစ်၍ ၎င်း၏နေရာတွင် ပြည်တွင်း နည်းပြကိုသာ အစားထိုး ခန့်ထားရန် လျာထားပြီး ယခုရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ပေးမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောကြားသည်။

မြန်မာအသင်းသည် နိုဝင်ဘာလအတွင်း အာရှယူ ၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲ ယှဉ်ပြိုင်ရန်ရှိနေပြီး တရုတ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့် နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အနေနှင့် မြန်မာယူ ၁၈ ကစားသမားများနှင့်တွေ့ဆုံကာ ရှုံးနိမ့်မှုမှ သင်ခန်းစာယူပြီး အနာဂတ်တွင် ယခုထက်ပို၍ အဆပေါင်းများစွာ ကြိုးစားပေးဆပ်ကြရန် တိုက်တွန်းထားသည်။ 

နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ရန်လိုကြောင်း၊ ရှုံးနိမ့်သည့်အချိန်တွင် ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ရန် လိုအပ်သကဲ့သို့ အောင်မြင်သည့်အချိန်တွင်လည်း မိမိတို့၏ ကြိုးစားအားထုတ်မှုနှင့် အာရုံစူးစိုက်မှုကို ထိန်းသိမ်းထားနိုင်ရန်အရေးကြီးကြောင်း ဦးဇော်ဇော်က သတိပေးခဲ့သည်။

J-04



FOLLOW US