News

POST TAGGED AS

ဖောက်ခွဲရေးပစ္စည်း

မောင်တောအဝေးသင်ဌာနခွဲတွင် ပညာသင်ရန် ၂၀ ခန့် လျှောက်ထား
စစ်တွေ၊ ဇူလိုင် ၁၀ 

ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ဖွင့်လှစ်မည့် အဝေးသင်ဌာနခွဲတွင် ပညာသင်ရန် ကျောင်းသား ၂၀ ခန့် လျှောက်ထားကြောင်း မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က The Voice သို့ပြော ကြားသည်။

ပညာသင်ကြားရန် လျှေက်ထားသူများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများပါဝင်ကြောင်း၊ လျှောက်ထားသူများမှာ ယခုစာသင်နှစ်တွင် အောင်မြင်သူများ မဟုတ်ဘဲ ယခင်နှစ်တွင်အောင်မြင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အဝေးသင်ပညာရေး ပြတ်တောက်နေသူများဖြစ်ကြောင်း ၎င်းကဆိုသည်။ 

၂၀၁၇-၁၈ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသူများမှာ တက္ကသိုလ်ဝင်လမ်းညွှန်အတိုင်း မိမိတို့၏ ရရှိကြသော အမှတ်များအပေါ်မူတည်ပြီး တက္ကသိုလ်အသီးသီးတွင် လျှောက်ထားကြသဖြင့် မောင်တောခရိုင်ရှိ အဝေးသင်ဌာနခွဲတွင် လျှောက်ထားခြင်းမရှိကြောင်း မောင်တောခရိုင်ပညာရေးမှူးရုံးထံမှ သိရသည်။

မောင်တောခရိုင်ရှိ အဝေးသင်ဌာနခွဲတွင် တက်ရောက်ခွင့်ပြုရန် လျှောက်လွှာများ စစ်တွေတက္ကသိုလ်သို့ ရောက်ရှိမှသာ စိစစ်ရမည်ဖြစ်ပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က ပြောဆိုသည်။ 

မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့အတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများ၊ ယခင်က တက္ကသိုလ်တက်ရောက်ခဲ့ပြီး ကျောင်းနှင့်အဆက်ပြတ်သူများကို ၂၀၁၈ ခုနှစ် ပညာသင်နှစ်မှစ၍ မြန်မာစာနှင့် သမိုင်းဘာသာရပ်နှစ်ခုကို မောင်တောခရိုင်ပညာရေးမှူးရုံး၌ အဝေးသင်ဌာနခွဲဖွင့်လှစ်၍ သင်ကြားပေးမည်ဖြစ်ကြောင်း၊ အဝေးသင်တက်ရောက်မည့် ကျောင်းသားများအတွက် အနီးကပ်သင်တန်းကို ရန်ကုန်နှင့် စစ်တွေမှ ဆရာ၊ ဆရာမများက ပို့ချပြီး စာမေးပွဲစစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီးနောက် စစ်တွေတက္ကသိုလ်၌ တက်ရောက်နေကြသော သံတွဲမြို့နယ်၊ မောင်တောခရိုင် စသည့်တို့မှ ဘင်္ဂါလီလူမျိုးများမှာ ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့်အတွက် ၂၀၁၄ ခုနှစ်မှစ၍ တက္ကသိုလ် ဆရာ၊ ဆရာမများက ၎င်းတို့အား နီးစပ်ရာကျောင်းများ၌ အနီးကပ်သင်ကြားပေးပြီး စာမေးပွဲများ စစ်ဆေးပေးလျက်ရှိသည်။ 

၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် အဝေးသင်တက်ရောက်ရန် သံတွဲမြို့နယ်အတွင်းမှ ဘင်္ဂါလီ ၁၈ ဦးနှင့် စစ်တွေမြို့ရှိ သက္ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းမှ ၁၆ ဦး ကျောင်းအပ်ထားကြောင်း စစ်တွေတက္ကသိုလ်ထံမှသိရသည်။

R-22



FOLLOW US