News

POST TAGGED AS

ပေါင်းတည်မြို့နယ်

ပေါက်ခေါင်းမြို့နယ်ဆေးရုံအုပ် မပြောင်းရွှေ့ရေး ဒေသခံများ ဆန္ဒပြ


ပြည်၊ ဖေဖော်ဝါရီ ၂၆

ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်ရှိ မြို့နယ်ဆရာဝန်ကြီး မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဒေသခံများစုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

အဆိုပါမြို့နယ် ဆေးရုံအုပ်ဆရာဝန်ကြီးသည် ၂၀၁၃ ခုနှစ်က ပေါက်ခေါင်းမြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းက အဆိုပါဆေးရုံအုပ်ကြီးမှာ ပြောင်းရွှေ့မိန့်ကျခဲ့သဖြင့် ၎င်း၏စေတနာထား ကုသမှုများအပေါ်မူတည်၍ ယခုကဲ့သို့ဒေသခံများက မပြောင်းရွှေ့ရန် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

“ကျွန်မတို့မြို့နယ်မှာ မွေးဖွားတဲ့လူနာတွေ၊ မြွေကိုက်တဲ့လူနာတွေကစ အဆင်ပြေတယ်။ ဆရာဝန်ကြီးက နေ့မနား ညမနားပဲ ကုတယ်။ တကယ်လည်း စေတနာထားတယ်ဆိုတော့ သံယောဇဉ်ဖြစ်နေတာလည်းပါတယ်။ သူ့ကို မပြောင်းရွှေ့စေချင်ဘူး”ဟု ပေါက်ခေါင်းမြို့နယ် ကြိုးကြာကျေးရွာမှ မိုင်အေးအေးမာက ပြောဆိုသည်။

အဆိုပါဆရာဝန်ကြီးကို ညောင်ကျိုး တိုက်နယ်ဆေးရုံတွင် လည်းကောင်း၊ နတ္တလင်းမြို့နယ် ကွင်းကျယ်ဆေးရုံတွင် လည်းကောင်း မပြောင်းရွှေ့ပေးရန် ဒေသခံများက ယခင်က လက်မှတ်ထိုးတောင်းဆိုခဲ့ပြီး ယင်းအချိန်ကလည်း တာဝန်ရှိသူများက ဆက်လက်သက်တမ်းတိုး တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဝန်ထမ်းဆိုတာကတော့ လွှတ်တဲ့နေရာသွားရမှာပဲ။ ကျွန်တော် ဘယ်ပဲရောက်ရောက် ကျွန်တော့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တာပါ”ဟု ပေါက်ခေါင်းမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ဟန်က ပြောဆိုသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် လူအင်အား ၅၀ ကျော်ပါဝင်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနှင့် ပေါက်ခေါင်းမြို့နယ် ပြည်သူများ၏ ဆန္ဒကို အလေးထားဆောင်ရွက်ပါ၊ မြို့နယ်ဆရာဝန်ကြီး မပြောင်းရွှေ့ရေးစသည့် စာသားများပါဝင်သော ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ပေါက်ခေါင်းမြို့လယ် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှေ့မှ ပြည်သူ့ဆေးရုံရှေ့အထိ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

M-06



FOLLOW US