News

POST TAGGED AS

ပေါက်ကွဲမှု

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးပေါက်ကွဲမှု ဧပြီလ ၂၅ ရက်နေ့ အပြီးသတ်အမိန့်ချမည်
ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းတွင် M 150 အချိုရည်ပုလင်းများကို အသုံးပြုဖောက်ခွဲမှု ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆိုစစ်ဆေးနေသည့် အမှုကို ဧပြီလ ၂၅ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရသည်။

ယင်းဖောက်ခွဲမှုဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားလေးဦးမှာ ခင်မောင်ရွှေ (ခ) ရာကွက်၊ စိုးဝင်း (ခ) အလီ၊ စိုးမင်းဇော် (ခ) သားငယ်နှင့် ကျော်သူ (ခ) ကျော်ကျော်တို့ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး စင်္ကြံအနီးတွင် တစ်ကြိမ်၊ အပေါ်ထပ်နှင့်အောက်ထပ် သွယ်တန်းထားသော ရေပိုက်အနီးတွင် တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၎င်းအနီး၌ မပေါက်ကွဲသေးသည့် M 150 အချိုရည်ပုလင်းတစ်လုံးကို စစ်ဆေးတွေ့ရှိပြီးနောက် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဒဂုံမြို့မစခန်းမှူး ဒုရဲမှူးတင့်ဆွေက တရားလိုလုပ်တရားစွဲထားတဲ့ အမှုပါ။ ပြီးခဲ့တဲ့အပတ်က အပြီးသတ်အမိန့်ချဖို့ ရှိပေမယ့် အဓိက ကျူးလွန်တယ်ဆိုတဲ့ ခင်မောင်ရွှေ (ခ) ရာကွက်ကို မရမ်းကုန်းအမှုနဲ့ပေါင်းပြီး အမိန့်ချဖို့ အပြီးသတ်လျှောက်လဲချက်ပေးတဲ့အတွက် မချဖြစ်တာ။ ၂၅ ရက်နေ့ကျရင်တော့ မရမ်းကုန်းအမှုရယ်၊ ဒဂုံအမှုရယ် နှစ်မှုလုံးကို အမိန့်ချမှာ၊ ခင်မောင်ရွှေ (ခ) ရာကွက်ကတော့ နှစ်မှု၊ ကျန်တဲ့သုံးယောက်က ဒဂုံအတွက်ပဲချမှာပါ”ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Center မြေညီထပ် အများသုံးအိမ်သာအတွင်းထားသော အမှိုက်ပုံးအတွင်းတွင် နိုဝင်ဘာလ ၁၈ ရက် ညပိုင်းက M 150 အချိုရည်ပုလင်းကို အသုံးပြုကာ ဓာတုဆေးရည်တစ်မျိုးဖြင့် ပေါင်းစပ်၍ ပေါက်ကွဲစေခဲ့ပြီး အလားတူ ကားပါကင်အတွင်းတွင် ထပ်မံပေါက်ကွဲမှုဖြစ်ခဲ့ရာ ပြစ်မှုကျူးလွန်သည်ဟုဆိုသော ခင်မောင်ရွှေ (ခ) ရာကွက်ကို မရမ်းကုန်း မြို့မရဲစခန်းမှူး ရဲအုပ်ဘိုထင်ကျော်က ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္ထုနှင့်ပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အလားတူ ဒေါပုံမြို့နယ်၊ Capital Hypermarket ပထမထပ်ရှိ ပလတ်စတစ် ပစ္စည်းအရောင်းခန်းမတွင် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၆၄) ရပ်ကွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ပထမထပ်ရှိ သန့်စင်ခန်းတွင်လည်းကောင်း M 150 အချိုရည်ပုလင်းများကို အသုံးပြုသည့် ပေါက်ကွဲမှုများဖြစ်ခဲ့ပြီး ယင်းပေါက်ကွဲမှုများကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

J-16



FOLLOW US