News

POST TAGGED AS

ပေါက်ကွဲမှု

လားရှိုးမြို့ပေါ်ရှိ ရိုးမဘဏ်တွင် ချိန်ကိုက်ဗုံးပေါက်ကွဲ၊ နှစ်ဦးသေ၊ ၃၀ ကျော် ဒဏ်ရာရ
လားရှိုး၊ ဖေဖော်ဝါရီ ၂၁

လားရှိုးမြို့ မြို့တော်ခန်းမအနီး မင်းလမ်းနှင့် ရွှေဘိုလမ်းထောင့်ရှိ ရိုးမဘဏ် (၁) တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ချိန်ကိုက်ဗုံး တစ်လုံးပေါက်ကွဲခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ည ၇ နာရီအထိတော့ ဒဏ်ရာရတဲ့ သူ ၃၀ ဦးအထိ ရှိပါတယ်။ အမျိုးသမီးနှစ်ဦးကတော့ ဆုံးသွားပါပြီ”ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသော လားရှိုးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ချိန်ကိုက်ဗုံးဖောက်ခွဲခဲ့သူကို ရဲတပ်ဖွဲ့အနေနှင့် အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးဘဲ မြို့ပေါ်တွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် မြို့ထွက်ပေါက် များတွင်လည်း ပိတ်ဆို့ စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု လားရှိုးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးစန်းယုက ပြောဆိုသည်။

“သေဆုံးဒဏ်ရာရသူတွေကို အပျက်အစီးပုံတွေထဲက ရှင်းလင်းကယ် ထုတ်နေဆဲပါ။ လောလောဆယ်တော့ ဘဏ်ဝန်ထမ်း မမော်မော်နဲ့ မခင်စန္ဒာထွန်းတို့သေဆုံးပြီး ဒဏ်ရာရသူတွေကို ဆေးရုံ ပို့နေပါတယ်”ဟု ၎င်းကပြောဆိုသည်။ 

ချိန်ကိုက် ဗုံးပေါက်ကွဲမှု အရှိန်ကြောင့် ရိုးမဘဏ် (၁) နှင့်ကပ်လျက်ရှိ ဧရာဝတီဘဏ်နှင့် လမ်းတစ်ဖက်ခြမ်းရှိ ပြည်နယ်ကျန်းမာရေးရုံး မျက်နှာစာရှိ မှန်များ ပျက်စီးသွားသည့်အပြင် အနီးဝန်းကျင်ရှိ နေအိမ်များနှင့်ကားများလည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ 

“ညနေ ၄ နာရီခွဲလောက်မှာ ဝုန်း ဆိုတဲ့ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတာ။ နှစ်မိုင်လောက်ဝေးတဲ့ သမီးတို့အိမ် တုန်သွားတယ်။ အသံအကျယ်ကြီး ကြားလိုက်ရတယ်”ဟု လားရှိုးမြို့ ရပ်ကွက် ၁၁ တွင်နေထိုင်သည့် မချစ်က ပြောဆိုသည်။

ဝန်ထမ်းနှစ်ဦး ဆုံးရှုံးမှုကို ဝမ်းနည်းကြေကွဲသောအားဖြင့် လားရှိုးမြို့ရှိ ရိုးမဘဏ်ခွဲ နှစ်ခုစလုံးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ ယာယီ ပိတ်ထားမည်ဖြစ်ပြီး ပြန်ဖွင့်မည့်ရက်ကို ထပ်မံ ကြေညာပေးမည်ဖြစ်ကြောင်း ရိုးမဘဏ် (ရုံးချုပ်) က ထုတ်ပြန်ထားသည်။

လားရှိုးမြို့ပေါ်တွင် ဖောက်ခွဲမှုများ ပြုလုပ်ရန် KIA အဖွဲ့မှ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးလေးဦး စေလွှတ်ထားသည်ဟုသိရပြီး TNLA အဖွဲ့မှ ဗုံးခွဲကျွမ်းကျင်သူ ၂၀ ဦးခန့်သည်လည်း ဗုံးခွဲတိုက်ခိုက်မည့်နေရာများကို ကြိုတင်လေ့လာနေသည်ဟု သိရကြောင်း၊ ဗုံးခွဲတိုက်ခိုက်မည့် နေရာများမှာ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးများ၊ ကားဂိတ်များ၊ ဘူတာရုံများ၊ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား လေ့လာလျက်ရှိကြောင်းသိရ၍ မသင်္ကာသူများကိုတွေ့ရှိပါက စစ်ဘက်ရေးရာ လုံခြုံရေးဌာန ဖုန်း - ဝ၃၃ ၃၆၀၂၃၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ ဖုန်း -ဝ၉ ၃၉၉၀၀၆၃၉ တို့ကို ဆက်သွယ်ရန် စစ်ဘက်ရေးရာ လုံခြုံရေးဌာနက လက်ကမ်းစာစောင်များ ဖြန့်ဝေထားသည်။ 

M-04, R-7



FOLLOW US