News

POST TAGGED AS

ပေါက်ကွဲမှု

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းမှ အလှူငွေ ကောက်ခံ၍ လှူဒါန်းမည်
ရန်ကုန်၊ စက်တင်ဘာ ၁၆

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံ စည်းရိုး ပြန်လည်ပြုပြန်ရန်နှင့် ဆက်လက် ကာရန်ကျန်ရှိသည့် ခြံစည်းရိုး စီမံကိန်း ဆောင်ရွက်နိုင်ရန် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းမှ အလှူငွေ ကောက်ခံ၍ လှူဒါန်းပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း၏ ပြောရေးဆိုခွင့်ရှိ ဆရာတော် ဒေါက်တာသောပါက က မိန့်ကြားသည်။

ထိုကဲ့သို့ နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်နိုင်ရန်နှင့် ဆက်လက် ကာရံရန် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆရာတော် သံဃာတော်များမှ အလှူငွေများကို ကောက်ခံသွားမည်ဖြစ်ပြီး ရရှိလာသော အလှူငွေများကို ပြည်ထောင်စု အစိုးရထံ လှူဒါန်းသွားမည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။

“ဆရာတော်တို့က နယ်စပ်ခြံစည်းရိုး ကာရံဖို့ရယ် ပြုပြင်ဖို့ကျန်တာရယ် အဲ့ဒါတွေကို အစိုးရက ဆောင်ရွက်နိုင်ဖို့ လှူဒါန်းမှုတွေ ပြုလုပ်သွားမှာပါ။ ဆရာတော် သံဃာတော်တွေရဲ့ လှူဒါန်းမှုပါမယ်။ အခြားသော အသင်းအဖွဲ့ ဒါယကာ ဒါယိကာမတွေရဲ့ လှူဒါန်းမှုပါမယ်။ ရလာတဲ့ အလှူငွေတွေကို လှူဒါန်းသွားမှာပါ”ဟု ဒေါက်တာသောပါကက မိန့်ကြားသည်။

အလားတူ ယင်းဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသရှိ အကြမ်းဖက် ဘေးဒဏ်သင့် ရခိုင်တိုင်းရင်းသားများထံ ကျပ်သိန်း ၄၅၀ဝ ကျော်ခန့် လှူဒါန်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဒေါက်တာသောပါက က ဆက်လက်မိန့်ကြားသည်။

ထို့အတူ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုး ကာရန်ရာ၌ ပြည်သူများ အလှူငွေ လှူဒါန်းနိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဘဏ်အကောင့်ဖွင့်၍ အလှူငွေ လက်ခံရန် စီစဉ်ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက The Voice သတင်းစာသို့ အတည်ပြု ပြောဆိုထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား နယ်နိမိတ်အားဖြင့် မိုင်ပေါင်း ၁၆၈ ဒသမ ၅၇ မိုင်အား နယ်နိမိတ်စည်းရိုး ကာရံမှုကို ပြီးခဲ့သည့် ၂၀ဝ၉  ခုနှစ်က စတင်ပြုလုပ်ခဲ့ရာ လက်ရှိတွင် မိုင်ပေါင်း ၄၂ မိုင် ဆက်လက် ကျန်ရှိနေခြင်းဖြစ်သည်။

ထို့အတူ လက်ရှိအချိန်၌ ယင်းခြံစည်းရိုးကို ပြန်လည် အဆင့်မြှင့်တင်ရန်နှင့် ကျန်ရှိခြံစည်းရိုးကာရန်ခြင်းကို နိုင်ငံတော်သမ္မတ သီးသန့် ရန်ပုံငွေမှ ၅ ဘီလီယံ သုံးစွဲမည်ဖြစ်သည်။ ထို့အတူ  စီမံကိန်း ကုန်ကျစရိတ်အား ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုအစိုးရမှ ဘတ်ဂျက်သုံးစွဲ ခွင့်ပြုထားကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

J-08



FOLLOW US