News

POST TAGGED AS

နေပြည်တော်

ကျန်းမာရေးဝန်ထမ်း နှစ်သောင်းကျော်ထံ Tablet ဖြန့်ဝေပေးခြင်းမှာ ကျန်းမာရေးကဏ္ဍကိုပြောင်းပြန်လှန်ခြင်းဟု ဝန်ကြီးဆို


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

တစ်နိုင်ငံလုံးရှိ ကျေးလက်ကျန်းမာရေးဝန်ထမ်း နှစ်သောင်းကျော်ထံ Tablet ဖြင့် ကျန်းမာရေးအချက်အလက်များ ဖြန့်ဝေကုသရန် ပြုလုပ်ခြင်းသည် ကျန်းမာရေးကဏ္ဍကို ပြောင်းပြန်လှန်နိုင်သည့် အခြေအနေဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်သည်။

"ဒီအရင်းအနှီးက အလွန်ကြီးမားသော အမြတ်အစွန်း၊ ကျန်နော်တို့နိုင်ငံရဲ့ ကျန်းမာရေးလောကတစ်ခုလုံးကို အမှန်အတိုင်းပြောရရင် ပြောင်းပြန်တောင် လှန်လို့ရတဲ့ဟာဖြစ်တဲ့အတွက် ကျနော့အနေနဲ့တော့ ဒီဟာကိုပြန်ပြီး မစဉ်းစားတော့ပါဘူး"ဟု ၄င်းက ဆိုသည်။

၂၀၁၈ ခုနှစ် ၆ လတာဘတ်ဂျတ်ကို တင်ပြတောင်းခံရာတွင် ထည့်သွင်းထားတောင်းခံထားသည့် Tablet ဖြင့် တစ်နိုင်ငံလုံး ဖြန့်ကျက်ကုသရေးအစီအစဉ်တွင် အလုံးရေ ၂ သောင်းခန့် ဝယ်ယူရမည်ဖြစ်ရာ အလုံးရေ ၁၅၀၀၀ ခန့်ကို အစိုးရဘတ်ဂျတ်မှ ဝယ်ယူရန် ထည့်သွင်းတောင်းခံခြင်းဖြစ်သည်။

ယင်းကိစ္စကို ပဲခူးတိုင်းဒေသကြီး အမှတ် ၅ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်တင်တင်ဝင်းက ပြန်လည်စဉ်းစားသုံးသပ်ရန် ထောက်ပြပြောဆိုထားသဖြင့် ဝန်ကြီးက ယနေ့ (ဖေဖ်ာဝါရီ ၂၆) ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အထက်ပါအတိုင်း ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်း Tablet တွင် ကျန်းမာရေးဆိုင်ရာရောဂါမျိုးစုံအတွက်၊ ကုသသည့်အချက်အလက်၊ လိုက်နာရမည့်အချက်၊ လုပ်ဆောင်ရမည့်အချက်နှင့် ဆောင်ရန်ရှောင်ရန်အချက်ပေါင်းများစွာ ထည့်သွင်း၍ ပြည်သူလူထုကို ပြသ၍ကုသခြင်းအပြင် ဆရာ၊ ဆရာမ ကိုယ်တိုင် လုပ်ဆောင်ရမည့် အချက်များ ထည့်သွင်းထားကြောင်း ၄င်းက ရှင်းပြသည်။

ဒေသတစ်ခုတွင် အရေးပေါ်လိုအပ်ချက်အရ ကပ်ရောဂါကဲ့သို့ ပုံစံမျိုးဖြစ်ပွားပါက ဝန်ကြီးဌာနမှ ချက်ခြင်းလုပ်ဆောင်ရမည့်အချက်ကို ဒေသကျန်းမာရေးဝန်ထမ်းထံ ပို့ဆောင်၍ လုပ်ဆောင်ရမည့်ကိစ္စကို ညွန်ကြားနိုင်ရေးအတွက် ချိတ်ဆက်လုပ်ကိုင်နိုင်ရန် စီစဉ်ထားကြောင်း ၄င်းက ပြောသည်။

လက်ရှိတွင် Tablet အလုံး ၄၀၀ ခန့် အလှူခံထားပြီး ၂၀၀၀ ခန့်ကို ဝယ်ယူထားပြီဖြစ်ကြောင်း၊ ၄င်းအပြင် ကမ္ဘာ့ဘဏ်မှလည်း ဝယ်ပေးနေကြောင်း အစိုးရဘတ်ဂျတ်မှ ဝယ်ယူရမည့် အလုံးရေ ၁၅၀၀၀ ကိုလည်း လွှတ်တော်နှင့် အစိုးရအဖွဲ့က သဘောတူညီထားပြီဖြစ်ကြောင်း၊ တစ်လုံးတန်ဖိုးမှာ အကြမ်းအားဖြင့် နှစ်သိန်းလေးသောင်းကျပ်ခန့်သာဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

S-01



FOLLOW US