News

POST TAGGED AS

နေပြည်တော်

တရားရုံးတွင် သက်သေခံ အကြောင်းမဲ့ ပျက်ကွက်မှုမရှိရေး ကြပ်မတ်ဟု ပြည်ထဲရေးဆို
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

တရားရုံးတွင် သက်သေခံများ အကြောင်းမဲ့ ပျက်ကွက်မှုမရှိစေရေးအတွက် အလေးထားကြပ်မတ်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားရုံးများသို့ တရားစွဲဆိုတင်ပို့သည့် အမှုများတွင် အထက်အဆင့်ဆင့်က ကြပ်မတ်ပေးရန်နှင့် ခေတ်နှင့်လျော်ညီသည့် သမ္မန်စာဆင့်ဆိုနည်းကို သုတေသနပြုရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

တရားရုံးသည် သမ္မန်စာအတည်ပြုနိုင်ရေးအတွက် တရားလိုနှင့် သက်သေများ သက်သေခံလာရောက်စေရန်အမှု ပထမရုံးချိန်းတောင်းပုံစံ (၁၀၄) နှင့် သမ္မန်စာတို့ကို သက်ဆိုင်ရာရဲစခန်းမှူးထံ ပေးပို့ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ရဲစခန်းမှူးသည် လက်ခံရရှိသည့်သမ္မန်စာကို သက်ဆိုင်ရာနယ်မြေနယ်ထိန်းတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ သီးခြားတာဝန်ပေးအပ်ထားသည့် ရဲတပ်ဖွဲ့ဝင်များကိုလည်းကောင်း အချိန်မီ သမ္မန်စာ ချအပ်နိုင်ရေး တာဝန်ပေးဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

သမ္မန်စာနှောင့်နှေးခြင်း၊ နောက်ကျခြင်းကိစ္စသည် ရဲတပ်ဖွဲ့ထက် တရားရုံးအနေနှင့် ဥပဒေကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် ပိုအဓိကကျကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အနေနှင့် သက်သေခံထွက်ဆိုမည့်ကိစ္စတွင် သက်သေများနေထိုင်သည့် ရပ်ကွက်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ပေါင်းစပ်ပြီး သမ္မန်စာချအပ်ရမည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ပြီး မိတ္တူတစ်စောင်ကို တရားရုံးသို့ ရုံးချိန်းရက်အမီ ပြန်လည်တင်သွင်းရကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များသည် သမ္မန်စာများ ရုံးချိန်းရက်အမီအတည်ပြုနိုင်ရေး ဆောင်ရွက်ရာတွင် အကြောင်းမဲ့ ပျက်ကွက်ခြင်း၊ ပေါ့လျော့စွာ ဆောင်ရွက်ခြင်းမရှိစေရန် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်အောင်စိုးက ထပ်လောင်းဖြေကြားခဲ့သည်။

S-01



FOLLOW US