News

POST TAGGED AS

နေပြည်တော်

ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၎

လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“ငြိမ်းချမ်းရေးအမှတ်တရအနေနဲ့ ကျင်းပတာပါ။ အပျော်သဘောနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဝင်ကန်ကြမှာပါ”ဟု မရမ်းကုန်းမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆိုသည်။

ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌဖလားသည် အစိုးရသစ်တက်လာပြီး ၂ နှစ် ကျော်အတွင်း ပထမဆုံးအကြိမ် စတင်ကျင်းပခြင်းဖြစ်ပြီး ပွဲစဉ်ဇယားရေးဆွဲမှုကို တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းမြင့်နိုင်က ဦးဆောင်ရေးဆွဲနေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

“ကိုယ်စားလှယ်တွေက ပြည်သူနဲ့ နပန်းလုံးနေရတာများတော့ အပျော်တမ်းအားကစားပွဲလေးတွေ လုပ်ပေးတာ ကောင်းပါတယ်”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်း ၄၅ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကစားကြမည်ဖြစ်ပြီး လတ်တလောတွင် ပြိုင်ပွဲပြုလုပ်မည့် ပုံစံအသေးစိတ်ကို လွှတ်တော်ကိုယ်စားလှယ်များထံ တရားဝင် အကြောင်းကြားစာ ပေးပို့ထားခြင်း မရှိသေးသဖြင့် ပြောကြားရန် မလွယ်ကူကြောင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ဆိုသည်။

ထို့သို့ လွှတ်တော်ကိုယ်စားလှယ်များအတွက် အားကစားပြိုင်ပွဲ ကျင်းပပေးသည့် အစီအစဉ်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်အချို့ကြား အငြင်းပွားမှု ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်၌ ဖွင့်ပွဲပြုလုပ်ကာ အပတ်စဉ် စနေနေ့တိုင်း ကျင်းပရန် စီစဉ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

J-17



FOLLOW US