News

POST TAGGED AS

နေပြည်တော်

28-Dec-2017

သတင်းထောက်
ရဲကပေးသော စာရွက်စာတမ်းကို ဖတ်မကြည့်ဘဲ ယူဆောင်ပြီးဆိုင်မှ အထွက်တွင် ဖမ်းဆီးခံရဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးမှာ ချိန်းဆိုထားသည့် ရဲနှစ်ဦးကပေးသော စာရွက်စာတမ်းများကို ဖတ်မကြည့်ဘဲ့ ယူဆောင်လာကာ စားသောက်ဆိုင်မှထွက်ခွာစဉ် ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်တွေ့ဆုံခဲ့သော မိသားစုဝင်များက ပြောကြာသည်။

ကျောက်တံတားမြို့နယ်၊ ၃၄ လမ်း (အထက်ဘလောက်) ရှိ MJN ရုံးခန်းတွင် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၅ နာရီခွဲ ခန့်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ကိုဝလုံး (ခ) သက်ဦးမောင်၏ ဇနီးက “ရဲကနေ ဖုန်းနဲ့ချိန်းတယ်၊ ဒီနေ့ လာယူပါ၊ ဒီနေ့ လာယူမှရမယ်ဆိုလို့ သွားယူတာ၊ စာရွက်စာတမ်းက ဘယ်လို စာရွက်စာတမ်းတွေ၊ ဘာတွေ ရေးထားတယ်ဆိုတာ သူတို့မသိရဘူး၊ ရဲနှစ်ယောက်က စာလိပ်နှစ်လိပ်ကို တစ်ယောက်တစ်လိပ် ပေးပြီး ပြန်လွှတ်တာ၊ ပြန်ထွက်ထွက်ချင်းပဲ ရဲလေးငါးယောက်လောက်ကနေ ဝိုင်းဖမ်းလိုက်တာလို့ ကိုဝလုံးက ပြောပြတယ်”ဟု ပြောကြားခဲ့သည်။

ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့သည် ယင်းစာရွက်စာတမ်းပေးသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ယခင်က တွေ့ဆုံခဲ့ဘူးခြင်း မရှိကြောင်း၊ မြင်လဲ မမြင်ဖူးကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တစ်ကြိမ် ချိန်းဆိုပြီး သွားရောက်ခြင်း မရှိသဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထပ်မံ လာရောက်ယူဆောင်ရန် ချိန်းဆိုရာက သွားရောက် ယူဆောင်ခြင်းဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲထံမှ သိရသည်။

“ကျွန်တော် ထင်တာတော့ ထောင် ဖမ်းခံရတယ်လို့ ထင်တာပဲ။ သူတို့က စာရွက်စာတမ်းတွေနဲ့ မိတယ်လေ။ အဲ့ဒီ စာရွက်စာတမ်းတွေက သူတို့နဲ့အတူ ထမင်းစားပြီးတဲ့ ရဲတွေဆီက ရတယ်လို့ သိရတယ်။ ထွက်သွားတော့မှ တနေရာကျတော့မှ အဖမ်း ခံရတာ။ လက်ပူးလက်ကြပ်မိရော။ သတင်းထောက် လုပ်ပြီး အဲ့လောက် “အ”ရသလား။ လျင်ရမယ်လေ၊ သတင်းထောက်လုပ်ရင် မအကြနဲ့ “အ”ရင် ခံသွားရမယ်”ဟု အာဏာရပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ၏ ဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများကို ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက် နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ၈ မြို့နယ် NLD ပါတီအစည်းအဝေးအပြီးတွင် ၎င်း က သတင်းထောက်များကို အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စိတ်မကောင်းဘူးဆိုပေမယ့် သူတို့စွဲတဲ့ ပုဒ်မကတစ်မျိုး၊ နဂိုကတည်းက ကြံရွယ်မှန်း သိသာတယ်။ ပုဒ်မက ရွေးချယ်တာတမျိုး၊ နိုင်ငံတော် လုံခြုံရေးဆိုတာက အကြီးကြီး ဖြစ်သွားပြီ။ အဲ့ဒါက နိုင်ငံတကာ ဖိအားရယ်၊ နောက်ရှေ့နေတွေရဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီးတော့ သူတို့ကို ဆွဲထုတ်ရမှာပေါ့”ဟု ၎င်းက မှတ်ချက်ပေးသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးခြင်းဖြစ်ကြောင်း၊ မသိစေချင်သည့်ကိစ္စကို မီဒီယာမှ အများပြည်သူအတွက် ကြိုးစားထုတ်ဖော်နေသည်ကို သိသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ စာလိပ်နှစ်လိပ်ကြောင့် ဖမ်းတာထက် အများပြည်သူကို မသိစေချင်သည့် အချက်များကို ဖုံးကွယ်ချင်သဖြင့် ဖမ်းဆီး အရေးယူခြင်းဖြစ်ကြောင်း ကိုဇေယျာလှိုင်က ပြောကြားသည်။

“သူတို့နှစ်ယောက်ဟာ ဘာအမှားမှ လုပ်မထားဘူးလို့ ပြောတယ်၊ နိုင်ငံတော်အပေါ်မှာ သစ္စာဖောက်ဖို့ ဘယ်တုန်းကမှလဲ စိတ်မကူးခဲ့ဘူး၊ ဥပဒေအထက်မှာ ဘယ်သူမှမရှိရင် မကြာခင် ပြန်လွတ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ သတင်းသမားတွေအနေနဲ့ အသေးအဖွဲကိစ္စက အစ သတိနဲ့နေဖို့ ပြောလိုက်တယ်”ဟု ကိုကျော်စိုးဦး၏ ညီမ မညိုညိုအေးက ဆိုသည်။

ဖမ်းဆီးခံရသည့် သတင်းထောက် နှစ်ဦးကို ဥပဒေအရ အရေးယူပေးရန် အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ရေး ဗိုလ်ကြီး ဒုရဲမှူးဇော်နိုင်က တရားလိုပြု လုပ်တိုင်ကြားခဲ့ရာ ထောက်ကြန့်နယ်မြေ ရဲခစန်းမှ နိုင်ငံတော် လျှိုဝှက်ချက် ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက် မနက်ပိုင်းက မင်္ဂလာဒုံ မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ချုပ်ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်စဉ် သွားရောက် တွေ့ဆုံခွင့်ရာမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

J-16



FOLLOW US