News

POST TAGGED AS

နေပြည်တော်

လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ခဲ့သော သတင်းထောက် ၃ ဦး ပြန်လည် လွတ်မြောက်တော့မည်ဟု ဆို

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

လွှတ်တော်ကို ဒရုန်းဖြင့်ရိုက်ကူးရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံထားရသူ (၄) ဦးကို စွဲဆိုထားသည့်အမှုများကို ပြန်လည် ရုပ်သိမ်းခွင့်ပြုရန် တရားလိုဘက်မှ လျှောက်ထားခြင်းကြောင့် ၂၀၁၈ ဇန်နဝါရီ ပထမပတ်အတွင်း ပြန်လည်လွတ်မြောက်တော့မည်ဖြစ်ကြောင်း ၎င်းတို့ကို ရှေ့နေလိုက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားလိုက်သည်။

“လုံခြုံရေးလည်း မထိခိုက်ဘူး။ နှစ်နိုင်ငံ ချစ်ကြည်ရေးတွေအတွက် နိုင်ငံခြားသားတွေလည်း ပါနေလို့ လွှတ်ပေးလိုက်တယ်ပေါ့။ ဒါလွတ်ကို လွတ်မှာပါ။ အဲ့တော့ အားလုံးက ၂၉ ရက်မှာ အမိန့်ချမယ်။ အရင်အမှုအတွက်က ရှိနေသေးတဲ့အတွက်ကြောင့် ဇန်န၀ါရီ ၅ ရက်နေ့တော့ သေချာပေါက်လွတ်ကြမယ်ပေါ့။ ဒါမယ့် လွတ်ရက် လျော့ရက်ရှိရင်တော့လည်း ၃ ရက်နေ့ လွတ်ချင် လွတ်မှာပေါ့ဗျာ”ဟု ၎င်းက မီဒီယာများကိုပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၆ ရက်)ပြုလုပ်သော ရုံးချိန်းတွင် ဖမ်းဆီးခံထားရသူများ၏ လုပ်ဆောင်ချက်သည် နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေမည့် ရည်ရွယ်ချက် မတွေ့ရှိရ၍လည်းကောင်း၊ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်ပတ်သက်၍ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှု၍လည်းကောင်း အမှုအား ရုပ်သိမ်းခွင့်ပြုပါရန်ဟု တရားလို ရဲအုပ်ထွန်းထွန်းဝင်းက ရုံးတော်သို့ တင်ပြပြောကြားခဲ့သည်။

၎င်းစွဲဆိုထားသည့် ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ (၈) အမှုနှင့်ပတ်သက်၍ ယနေ့ တရားခွင်တွင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသားနှစ်ဦးကို စွဲဆိုထားသည့် လဝက ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ မြို့နယ် လဝက အရာရှိအနေဖြင့် အမှုကိုရုပ်သိမ်းခွင့် လျှောက်ထားရန် စီစဉ်နေပြီဖြစ်ကြောင်း ရဲအုပ် ထွန်းထွန်းဝင်းက ဆိုသည်။

အဆိုပါ လျှောက်ထားချက်များအပေါ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အမှုကိုရုပ်သိမ်းသည့်အမိန့် ချမှတ်မည်ဟု ဇဗ္ဗူသီရိ မြို့နယ်တရားသူကြီး ဦးဇော်ဝင်းထူးက ပြောကြားခဲ့သည်။ 

ဖမ်းဆီးခံထားရသည့် သတင်းထောက် ၃ ဦးနှင့် ယာဉ်မောင်း ၁ ဦးကို မြန်မာနိုင်ငံ လေယာဉ်အက်ဥပဒေ ပုဒ်မ (၁၀)ဖြင့် ထောင်ဒဏ် (၂) လစီကျခံရန် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်က အမိန့်ချမှတ်ထားခဲ့ခြင်းဖြစ်သည်။

တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ စုစုပေါင်း (၄) ဦးသည် အောက်တိုဘာလ ၂၇ ရက်က နေပြည်တော်ရှိ လွှတ်တော်အနီးတွင် ဒရုန်းလွှတ်တင်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

S-01



FOLLOW US