News

POST TAGGED AS

နေပြည်တော်

ဖြိုးကိုကိုတင့်ဆန်းကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ထပ်မံအမှုဖွင့်
ရန်ကုန်၊ နိုဝင်ဘာ ၂၆

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့သော အားကစားဝန်ကြီးဟောင်း၏သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းကို နိုဝင်ဘာလ ၂၅ ရက်နေ့က ဒက္ခိဏ သီရိမြို့မ ရဲစခန်းနှင့် အေလာနယ်မြေ ရဲစခန်းတို့တွင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၆ (၁) (က) (င) တို့ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

နိုင်ငံလုံခြုံရေး ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော်/ ရဲတပ်ဖွဲ့/ အခြားဝန်ထမ်းဝတ်စုံတို့ကို ထင်ယောင်ထင်မှားဖြစ်စေရန် ဝတ်ဆင်မှု၊ အစိုးရ ဌာန/တပ်မတော်အာဏာပိုင်က ပြုလုပ် စီမံထားသည့် တံဆိပ်တုံးနှင့် တံဆိပ်ကို အတုပြုလုပ် လက်ဝယ်ထားရှိမှုတို့ကြောင့် ACE ကုမ္ပဏီပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၆ (၁) (က) (င) တို့ဖြင့် ထပ်မံ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲအရာရှိတစ်ဦးထံမှ သိရသည်။
 
အားကစား ဝန်ကြီးဟောင်း၏သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်ရှိ ဟိုတယ် ACE နှင့် ရန်ကုန်တိုင်း သာကေတမြို့နယ် ရှုခင်းသာလမ်းရှိ ACE ကုမ္ပဏီတို့တွင် လက်နက်ခဲယမ်းများနှင့် အာဏာပိုင် အဖွဲ့အစည်းများ၏ လုံခြုံရေး ဆောင်ရွက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းခဲ့သည်။ 

ယင်းအပြင် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ရပ်ကွက်ရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်ထဲမှ လက်နက်ခဲယမ်း ထပ်မံ သိမ်းဆည်းရမိခဲ့သောကြောင့် နေပြည်တော် ဒက္ခိဏသီရိမြို့မ ရဲစခန်း၊ အေလာနယ်မြေ ရဲစခန်း၊ ရန်ကုန်တိုင်းရှိ သာကေတနှင့် ဗဟန်းမြို့မ ရဲစခန်းများတွင် ၎င်းကို မူးယစ်မှု၊ လက်နက်မှုများအပြင် ပို့ကုန် သွင်းကုန် ပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားသည်။ 

အဆိုပါအမှုမှ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၅ ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး လက်ရှိ ၎င်းတို့ကို ဒက္ခိဏသီရိမြို့နယ် တရားရုံးနှင့် လယ်ဝေးမြို့နယ်တရားရုံးတို့တွင် ရုံးထုတ် ချုပ်ရမန် ယူထားသည်။

S-03



FOLLOW US