News

POST TAGGED AS

နေပြည်တော်

ဟံသာဝတီ လေဆိပ်စီမံကိန်းအတွက် ဂျပန်မှ ODA ချေးငွေ ကန်ဒေါ်လာသန်း ၇၀ဝ ကျော်ရမည်
ရန်ကုန်၊ နိုဝင်ဘာ ၁၃

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း တည်ဆောက်ရန် ဂျပန်နိုင်ငံမှ အစိုးရချင်းချေးငွေ ODA အဖြစ် အမေရိကန် ဒေါ်လာသန်း ခုနစ်ရာကျော်ကိုရရှိရန် သဘော တူထားပြီးဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

“အစိုးရချင်း ချေးငွေအနေနဲ့ ဒေါ်လာသန်း ၇၀ဝ ကျော် ပတ်ဝန်းကျင်လောက်ကို ချေးငွေရဖို့ သဘောတူညီမှု ရပြီးသားဖြစ်ပါတယ်။ အခုက ပုဂ္ဂလိက ချေးငွေရဖို့အတွက် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေနဲ့  ဆက်ဆွေးနွေးနေတာပါ။ ဒီနှစ်ထဲမှာ တစ်ခါဆွေးနွေးဖို့  စီစဉ်ထားတယ်။ အဆင်ပြေရင်တော့ စီမံကိန်း စလုပ်လို့ ရပါပြီ”ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်း ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများနှင့် ဂျပန်အစိုးရထံမှ ပုဂ္ဂလိက ချေးငွေရရှိရန် ဆွေးနွေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယင်းစီမံကိန်းသည် ၂၀၁၂ ခုနှစ်က စတင် တင်ဒါခေါ်ယူ ဆောင်ရွက်သည့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သော PPP စနစ်ကို အခြေခံသည့် စီမံကိန်းဖြစ်သည်။
ပထမအဆင့် ပြီးစီးပါက လေဆိပ်အတွင်း ခရီးသည် ၁၂ သန်းခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်ပြီးစီးပါက ခရီးသည်ဦးရေ သန်း၂၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးရဲထွဋ်အောင်က ရှင်းပြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး လေဆိပ်စီမံကိန်း ဖြစ်လာမည့် ဟံသာဝတီ လေဆိပ်ကို JGC- Yongnam-Changi Airport International Consortium က တင်ဒါ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းညှိနှိုင်းမှု ကော်မတီ၊ လုပ်ငန်းကော်မတီ အပါအဝင် ကော်မတီ သုံးရပ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ပုဂ္ဂလိက ချေးငွေရရှိစေရန် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ရန်ကုန်လေဆိပ်ကိုတောင်မှ မကြာခင်ကမှ အဆင့်မြှင့်တင်ထားတာ ဖြစ်တဲ့အတွက် လက်ရှိနိုင်ငံ စီးပွားရေး အခြေအနေအရ လေကြောင်းခရီးသွားတွေရဲ့  အနေအထားနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကို ဝင်ရောက်နေတဲ့ လေကြောင်းလိုင်းတွေအရ ဟံသာဝတီ လေဆိပ်က အရေးတကြီး မလိုသေးတဲ့ အနေအထား တစ်ခုပါ။ လက်ရှိ တချို့ လေကြောင်းလိုင်းတွေမှာတောင် ခရီးစဉ်တချို့ကို ရပ်ဆိုင်းမှုတွေတောင် ရှိနေတဲ့ အနေအထားပါ”ဟု ပြည်တွင်း ပြည်ပ ပြေးဆွဲနေသော လေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင် ဆောင်ရွက်မှုများကို အဆင့်အလိုက် ဆောင်ရွက်နေသော်လည်း အနာဂတ်တွင် တိုးပွားလာမည့် ခရီးသည်ပမာဏအတွက် အပြည်ပြည်ဆိုင်ရာ အဓိကလေဆိပ်ကြီးအဖြစ် ဟံသာဝတီ လေဆိပ်ကို တည်ဆောက် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနထံမှ သိရသည်။

J-14



FOLLOW US