News

POST TAGGED AS

နောင်ချို

နောင်ချိုတွင် ဇာတ်အဖွဲ့ ကားမှောက်၍ ၇ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ


လားရှိုး၊ မတ် ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒုဋ္ဌဝတီတံတားအနီးတွင် မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဇာတ်အဖွဲ့သားများ လိုက်ပါလာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ရှိ အမှတ် ၁၂၀ ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ယင်းနေ့က နောင်ချိုမြို့နှင့် ရပ်စောက်မြို့အကြား ဒုဌဝတီတံတားအနီးတွင် မန္တလေးမြို့မှ ဇာတ်အဖွဲ့သား ၄၀ လိုက်ပါလာသည့် ၁၀ ဘီးကားသည် မိုင်တိုင်အမှတ် ၁၈၁/၁၈၂ အနီး၌ ဘရိတ်ပေါက်ပြီး လမ်းဘေးမြေသားနံရံကို တိုက်မိတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးမျိုးမင်းအောင်က ပြောကြားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူခြောက်ဦးမှာ နေရာတွင်သေဆုံးခဲ့ပြီး ဆေးရုံပို့ကုသစဉ် နောက်ထပ်တစ်ဦး သေဆုံးခဲ့သဖြင့် ၇ ဦး ဖြစ်ကြောင်း၊ ၁၆ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ကျန်သူများမှာ ဒဏ်ရာမရခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို နောင်ချိုမြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသမှု ပေးနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

အဆိုပါ ဇာတ်အဖွဲ့သည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှ မင်းမင်းဦး ဇာတ်အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောကျေးရွာ ဘုရားပွဲမှ ကပြပြီး အပြန်ခရီးစဉ်ဖြစ်ကြောင်း၊ သေဆုံးသူများအနက် ဇာတ်မင်းသား မြင့်မြတ်ဇော်၊ နောက်ပိုင်းမင်းသား ပြည်ကျော်နှင့် မင်းသမီးမြစန်းသူတို့ ပါဝင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

နောင်ချို-ရပ်စောက်-တောင်ကြီး လမ်းမှာ တောင်ကုန်းတောင်တက်များ၊ အတက်၊ အဆင်းကြီးများရှိပြီး လက်ရှိအချိန်တွင် အများဆုံး ဆက်သွယ်သွားလာကြသည့် လမ်းလည်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် အမှုဖွင့်လှစ်အရေးယူမည်ဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရသူများတွင် ယာဉ်မောင်းပါဝင်ခြင်း မရှိကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

(ဓာတ်ပုံ - ယာဉ်ထိန်းရဲတပ်ဖွဲ့)

R-07



FOLLOW US