News

POST TAGGED AS

ဒေါ်အောင်ဆန်းစုကြည်

စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားခြင်းကြောင့် မြန်မာအပေါ် အမေရိကန်လွှမ်းမိုးမှု လျော့ကျနိုင်မလား
မြန်မာနိုင်ငံ၏ အမည်ခံမထားသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံလိုက်ပြီးနောက် လူနည်းစုသာ မျှော်လင့်ထားသည့် ထုတ်ပြန်ချက်တစ်ရပ်ကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ထုတ်ပြန်လိုက်သည်။ ၂၀၀၈ ခုနှစ် အိုဘားမား သမ္မတရာထူး စတင်ယူသည့် ကာလတွင် ဆိုပါက ယခုကဲ့သို့သော ထုတ်ပြန်ချက်မျိုး ပေါ်ထွက်လာမည်ဟု မည်သူမျှ မျှော်လင့်ခဲ့ကြမည် မဟုတ်ပေ။  

အရှေ့တောင်အာရှနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်လျှော့ချမည် ဖြစ်ပြီး ကုန်သွယ်ရေးရာ ဦးစားပေးမှု ပြန်လည်ပေးအပ်မည်ဟု ဒေါ်စုနှင့် တွေ့ဆုံပြီးနောက် သမ္မတ အိုဘားမားက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် ယခုကဲ့သို့သော ထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

မှတ်သားလောက်သည့် အချက်မှာ အရေးယူမှု ပြန်လည်ဖယ်ရှားခြင်းတွင် မြန်မာနိုင်ငံ၏ ညစ်ညမ်းလှသော ကျောက်စိမ်းလုပ်ငန်းအပေါ် ပိတ်ဆို့ထားမှု ပြန်လည်ဖယ်ရှားခြင်း ပါဝင်မည် ဖြစ်သည်။ ကျောက်စိမ်းကုန်သွယ်မှုသည် ဒေါ်လာဘီလီယံချီတန်ပြီး ရှုပ်ထွေးသည့် လမ်းကြောင်းများမှ တစ်ဆင့် အမှောင်ရိပ်ထဲရှိ အကျိုးစီးပွားများနှင့် ပတ်သက်လျက်ရှိသည်။ ယင်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူများတွင် တရားမဝင်ဂိုဏ်းများ၊ အကျင့်ပျက် စစ်အရာရှိများ ပါဝင်သည်။ ကျောက်စိမ်းလုပ်ငန်းမှ အကျိုးအမြတ်များမှာ လူမျိုးစု ပဋိပက္ခများကို လောင်စာထိုးပေးနေပြီး စစ်တပ်လွှမ်းမိုးမှု ဆက်လက်တည်မြဲရန်လည်း တွန်းအားပေးလျက် ရှိသည်။ ယင်းအချက်များသည် ငါးနှစ်တာ အလျင်အမြန် တိုးတက်မှုဖြစ်စဉ်ကို နောက်ပြန်ဆွဲရန် ခြိမ်းခြောက်လျက်လည်း ရှိသည်။

“ကျွန်တော် ပထမအကြိမ် ရွေးကောက်ခံရတုန်းက ဒေါ်စုက နေအိမ်အကျယ်ချုပ်နဲ့ပဲ ရှိပါသေးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ “အမေရိကန်နဲ့ ကမ္ဘာ့အသိုင်းအဝိုင်းက တွန်းအားပေးမှုတွေ၊ ပိုပြီး အရေးပါတာက မြန်မာပြည်သူတွေရဲ့ ပြန်လည်ရုန်းထနိုင်မှု၊ သတ္တိရှိမှု၊ ခွန်အားရှိမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ ရွေးကောက်ပွဲဆီ ကူးပြောင်းနေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်” ဟု အိုဘားမားက ဆက်လက်ပြောကြားသွားသည်။

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်သည် အိုဘားမား၏ အိမ်ဖြူတော် ကာလအတွင်း အရေးပါသည့် မှတ်တိုင်တစ်ရပ်လည်း ဖြစ်သည်။ အာရှဗဟိုပြုရေး မဟာဗျူဟာကို ၂၀၁၂ ခုနှစ်တွင် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က ချမှတ်လိုက်သော်လည်း ဒေသတွင်းရှိ မည်သည့်နိုင်ငံကမျှ အစီအစဉ်တိုင်း ဖြစ်မလာဘဲ မြန်မာနိုင်ငံသည်သာ နှိုင်းရအားဖြင့် အောင်မြင်မှု ရှိထားသည့် နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုများသည် အမေရိကန် နိုင်ငံရေးနယ်ပယ်တွင် သမ္မတ အိုဘားမား လက်ထက် အမွေအနှစ်တစ်ခု အဖြစ်သာ မကဘဲ ကျော်လွန်ရပ်တည်လျက် ရှိသည်။ အဆိုပါ ဖြစ်စဉ်သည် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း အဓိက သံတမန်ရေးရာ ရလဒ်တစ်ခု ဖြစ်သည်ဟူ၍လည်း ဒီမိုကရက်တစ်ပါတီမှသမ္မတလောင်း ဟီလာရီကလင်တန်က ညွှန်ပြလျက် ရှိသည်။

မြန်မာ့အသွင်ကူးပြောင်းရေး ဖြစ်စဉ် စတင်ခဲ့သော လွန်ခဲ့သည့် ငါးနှစ်မှ စတင်ပြီး အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှု အများစုကို ဖယ်ရှားပေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း စစ်တပ်ပိုင် ကုမ္ပဏီများ၊ စစ်အစိုးရဟောင်းနှင့် ဆက်နွှယ်နေသည့် ဒါဇင်နှင့်ချီသော လူပုဂ္ဂိုလ်များကို ဝါရှင်တန်က ဆက်လက်ပိတ်ဆို့ထားဆဲ ဖြစ်သည်။ ယင်းကြောင့်ပင် အမေရိကန်ဘဏ်များနှင့် လုပ်ငန်းများသည်လည်း မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ရန် တွန့်ဆုတ်လျက်ရှိသည်။

ယနေ့အချိန်တွင်မူ လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်း ၁၁၁ ခုကို အမေရိကန် ဘဏ္ဍာရေးဌာနက ဆက်လက်ပိတ်ဆို့တော့မည် မဟုတ်ဘဲ မြန်မာစစ်တပ်နှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ လုပ်ဆောင်ခြင်းအပေါ် ပိတ်ဆို့ထားခြင်းကို ဖယ်ရှားမည် ဖြစ်သည်။ ထို့အပြင် ကျောက်စိမ်းနှင့် ပတ္တမြားအပေါ် ပိတ်ဆို့မှုကိုလည်း ဖယ်ရှားမည် ဖြစ်သည်။

သို့သော် ယင်းကဲ့သို့သော အရေးယူပိတ်ဆို့မှု ဖယ်ရှားလိုက်မှုကြောင့် မြန်မာနိုင်ငံ၏ ပြဿနာ တက်နေသော နယ်ပယ်များအပေါ် အမေရိကန် လွှမ်းမိုးနိုင်မှု စွမ်းရည်ထိခိုက်နိုင်သည်ဟု အချို့သော ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။

“ပိတ်ဆို့မှုတွေ အမြဲတမ်းထားရမယ်လို့ ဘယ်သူကမှ မပြောပါဘူး။ အရေးယူမှု ဘယ်လိုဖယ်ရှားရမလဲ ဆိုတာပဲ မေးခွန်းမေးရမှာပါ။ ပိတ်ဆို့မှု ဖယ်ရှားလိုက်မယ်ဆို တချို့သော တွန်းအားပေးနိုင်မှုတွေ ပြောင်းလဲသွားလိမ့်မယ်” ဟု Global Witness မှ ဂျမန်ကူဘာက ပြောကြားသွားသည်။

မြန်မာ့ကျောက်စိမ်းလုပ်ငန်းသည် ဒေါ်လာ ၃၁ ဘီလီယံထိတန်ပြီး မူးယစ်ဆေးဝါး ရာဇာများနှင့် စစ်တပ်အီလစ်များက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် လူလေးဦးတွင် တစ်ဦး ဆင်းရဲနေသည့် မြန်မာပြည်သူများထံသို့ ဓနဥစ္စာ စီးဝင်ခြင်း မရှိစေရန် တားဆီးနေသူများ ဖြစ်သည်။

“တွန်းအားပေးနိုင်ရေးက အဓိကအချက်ဆိုရင် ဒီနေ့ ဆုံးဖြတ်လိုက်တာက လုံးဝကို အဓိပ္ပာယ် မရှိပါဘူး။ မြန်မာစစ်တပ်နဲ့ ဆက်ဆံရာမှာ အရေးပါတဲ့ ကိရိယာတစ်ခုကို အိုဘားမားနဲ့ စုကြည်က အမှိုက်ပုံထဲ လွှင့်ပစ်လိုက်တာပါ” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ဒုတိယညွန်ကြားရေးမှူး ဂျွန်ဆစ်တွန်က ပြောကြားသွားသည်။

အမေရိကန် အကြီးစား စက်မှုလုပ်ငန်း ဖြစ်သည့် Caterpillar သည် မြန်မာနိုင်ငံတွင်း လုပ်ငန်းလုပ်ဆောင်ရာတွင် ကန့်သတ်မှု အနည်းငယ်သာ ထားရှိရန် ၂၀၁၂ ခုနစ်မှ စတင်ပြီး တွန်းအားပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်းရှိ Caterpillar ကိုယ်စားလှယ်နှင့် အမေရိကန နာမည်ပျက်စာရင်း ထည့်သွင်းခံထားရသည့် မူးယစ်ရာဇာတစ်ဦးကြား ဆက်နွှယ်မှု ရှိသည်ကို Global Witness က တွေ့ရှိထားသည်။ ထို့အပြင် သယံဇာတ ကြွယ်ဝသည့် နယ်စပ်ဒေသများရှိ ပဋိပက္ခများကို ကျောက်စိမ်းလုပ်ငန်းက ရန်ပုံငွေ ထောက်ပံ့ပေးလျက်ရှိပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုလည်း ဖြစ်ပေါ်စေလျက်ရှိသည်။

အရေးယူပိတ်ဆို့မှု ဖယ်ရှားလိုက်ခြင်းကြောင့် မြန်မာပို့ကုန် ၅၀၀၀ ခန့်ကို အမေရိကန်ပြည်ထောင်စုသို့ အကောက်မဲ့ တင်ပို့နိုင်မည်ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်က ထုတ်ပြန်သွားသည်။ သို့သော် အချို့သော ကန့်သတ်မှုများ ဆက်လက်ရှိနေဦးမည် ဖြစ်သည်။ မြန်မာ့မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ပတ်သက်သည့် အရေးယူမှုများ ဆက်လက်ရှိနေဦးမည် ဖြစ်သည်။ ထို့အတူ မြောက်ကိုရီယားနှင့်  စစ်ဘက်ကုန်သွယ်မှုကိုလည်း တားမြစ်ထားမည် ဖြစ်သည်။ အမေရိကန်သို့ ခရီးသွားရောက်မှု ဗီဇာပိတ်ဆို့မှုများကိုလည်း ဆက်လက်ထားရှိမည် ဖြစ်သည်။ သမ္မတ အိုဘားမား၏ လက်ရှိ ဆုံးဖြတ်ချက်သည် မြန်မာစစ်သားများနှင့် အမေရိကန်စစ်တပ်ကြား ပုံမှန်ဆက်သွယ်မှု ပေါ်ထွန်းလာစေမည်လည်း မဟုတ်ပေ။ ထို့ကြောင့် မြန်မာစစ်တပ်သို့ အမေရိကန်လက်နက်များ၊ ကိရိယာများနှင့် ထောက်ပံ့မှုများ ပေးအပ်နိုင်မည် မဟုတ်ပေ။

ယင်းအပြင် ၁၉၈၉ ခုနှစ်မှ စတင်ချမှတ်ထားသည့် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးရာ အခွင့်အရေးပေးမှု ဆိုင်းငံ့ထားခြင်းကိုလည်း ပြန်လည်ဖယ်ရှားရန် အမေရိကန်လွှတ်တော်သို့ အိမ်ဖြူတော်က အကြံပေးမည် ဖြစ်သည်။ ယင်းကဲ့သို့သော ဖြစ်ပေါ်တိုးတက်မှုများကို မကြာမီ လက်တွေ့အကောင်အထည် ဖော်မည်ဟုလည်း အိုဘားမားက ပြောကြားထားသည်။

မြန်မာ့အသွင်ကူးပြောင်းရေး ဖြစ်စဉ်သည် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။ ယင်းတို့တွင် စစ်တပ်၏ သြဇာနှင့် ပါဝါဆက်လက်ကြီးမားနေမှု၊ လူမျိုးစု ပြည်တွင်းစစ်၊ နိုင်ငံတွင်းရှိ ရိုဟင်ဂျာများအရေး၊ တိုင်းပြည် စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ထက်ဝက်ခန့်ထိ တန်ဖိုးရှိသည့် ကျောက်မျက်နယ်ပယ်၊ မူးယစ်ဆေးဝါး ရာဇာများနှင့် ခရိုနီကုမ္ပဏီ အရေးတို့ ပါဝင်သည်။

“ဒီမိုကရေစီ ကူးပြောင်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု မြှင့်တင်ရေးမှာ ကျွန်တော်တို့ ဘယ်လိုအထိရောက်ဆုံး လုပ်ဆောင်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး (ဒေါ်အောင်ဆန်းစုကြည်ရဲ့) သဘောထားကို ကျွန်တော်တို့ သိရှိလိုပါတယ်” ဟု အမေရိကန် လက်ထောက်အမျိုးသားလုံခြုံရေး အကြံပေး ဘန်ရိုဒ်က NPR ကို ပြောကြားသွားသည်။ “အသွင်ကူးပြောင်းမှုကလည်း မပြီးဆုံးသေးဘူး ဆိုတာနဲ့ ဒီနိုင်ငံထဲမှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ရေး၊ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ရေး တားဆီးမထားဘူး ဆိုတာကို ဘယ်လိုချိန်ညှိမလဲ ဆိုတာက မေးခွန်းပါ” ဟု ၎င်းက ပြောကြားသွားသည်။

ယင်းကဲ့သို့သော ချိန်ညှိမှုနှင့် ပတ်သက်၍ အမေရိကန် အုပ်ချုပ်ရေးအဖွဲ့ မှားယွင်းစွာ လုပ်ကိုင်လျက် ရှိသည်ဟူ၍လည်း အချို့သော လူ့အခွင့်အရေးသမားများက ထောက်ပြလျက်ရှိသည်။

“အမေရိကန်ဟာ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးထက် နိုင်ငံတွင်းက တရုတ်လွှမ်းမိုးမှုကို တန်ပြန်ရေးပိုပြီး ဂရုစိုက်နေပါတယ်” ဟု ဗြိတိန်နိုင်ငံတွင် နေထိုင်သည့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ထွန်းခင်က ပြောကြားသွားသည်။ “ဖိအားပေးမှုတွေ တိုးမြှင့်သင့်တယ်။ မလျှော့သင့်ပါဘူး” ဟု ၎င်းက တောင်းဆိုလိုက်သည်။ မြန်မာနှင့် တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ပြီးခဲ့သည့်လများအတွင်း တိုးပွားလာသဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများ ပေါ်ပေါက်လျက်ရှိသည်။

“မြန်မာစစ်တပ်၊ သူတို့ရဲ့ ကော်ပိုရေးရှင်းတွေ၊ ဆယ်စုနှစ်ချီတဲ့ စစ်အုပ်ချုပ်ရေးကြောင့် ချမ်းသာနေတဲ့သူတွေ၊ ခရိုနီတွေနဲ့ စီးပွားရေး လုပ်ဆောင်နိုင်ဖို့ ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်တာ မှန်ကန်တဲ့အရာ မဟုတ်ပါဘူး။ အဲဒါက သူတို့ကိုပဲ အများအားဖြင့် အကျိုးဖြစ်စေမှာပါ။ လူအနည်းငယ်ကိုပဲ အကျိုးဖြစ်စေမှာပါ။ သေချာတာကတော့ မြန်မာပြည်သူတွေ အကျိုးရှိမှာ မဟုတ်ပါဘူး” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ဒုတိယညွန်ကြားရေးမှူး ဂျွန်ဆစ်တွန်က  ပြောကြားသွားသည်။ ထို့အပြင် မြန်မာ့စီးပွားရေး မြှင့်တင်ရေးကို အဓိက လုပ်ဆောင်လိုပါက အရေးယူ ပိတ်ဆို့မှု အားလုံးကို ဖယ်ရှားခြင်းနည်း မသုံးဘဲ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများစွာ ရှိကြောင်း ၎င်းက မှတ်ချက်ပြုသွားသည်။

အိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို သမိုင်းအမြင်ဖြင့် ကြည့်ပါက နားလည်ပေး၍ ရမည်ဖြစ်သည်။ သို့သော် အခြားသော အမြင်များလည်း ရှိနေသေးသည်။ “ဒီနေ့ ဆုံးဖြတ်ချက် (အရေးယူမှု ဖယ်ရှားရေး) ဟာ အိုဘားမားရဲ့ အမွေအနှစ်ကို ဆိုးဆိုးရွားရွား ပျက်စီးစေမှာပါ။ ဒီလုပ်ဆောင်ချက်က နိုင်ငံခြားရေးမူဝါဒ အောင်ပွဲတစ်ရပ် ဖြစ်စေဖို့ ရည်ရွယ်တယ်ဆိုရင် ဒါက လမ်းမှန်တစ်ခု မဟုတ်ပါဘူး” ဟု ကူဘာက ပြောကြားသွားသည်။ 

ကိုးကား- Foreign Policy
ချမ်းမြေ့



FOLLOW US